ယုံကြည်မှုနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခြင်းမရှိဘဲ တည်ဆောက်နိုင်မည်ဟု ကန်မျှော်လင့်

ယုံကြည်မှုနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခြင်းမရှိဘဲ တည်ဆောက်နိုင်မည်ဟု ကန်မျှော်လင့်
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၁၅ရက်တွင် နေပြည်တော်ရှိ MICC 2တွင် ကျင်းပနေစဉ်။ (ဓာတ်ပုံ - သိင်္ဂီထွန်း ၊မဇ္ဈိမ)

အောက်တိုဘာ ၁၅ ရက် ။           ။ အမျိုးသားယုံကြည်မှု တည်ဆောက်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးအတွက် ဆက်လက်အားထုတ်ရာတွင် ပြစ်ဒဏ်ဖြင့်ခြိမ်းခြောက်ခြင်း သို့မဟုတ်ခြွင်းချက် ထားခြင်း မရှိဘဲ ဆွေးနွေးပွဲများမှတဆင့် တည်ဆောက်နိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဂျွန်ကာဘီက အောက်တိုဘာ ၁၅ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးပြီးဖြစ်၍ ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံရေးမူဘောင်ဆွေးနွေး ပွဲတစ်ခုအပြီးသတ်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများဆက်လက်ပြုလုပ်ရာတွင် ညီညီညွတ်ညွတ်ဖြင့် ညှိနှိုင်းဆောင်ရွက်ကြရန်လည်း အမေရိကန်အစိုးရက တိုက်တွန်းသည်။

NCA လက်မှတ်ရေးထိုးသူအားလုံးသည် စာချုပ်ပါစာသားနှင့် အနှစ်သာရတို့ကို လိုက်နာကြပါရန်လည်း တိုက်တွန်းထားပြီး စာချုပ် လက်မှတ်ရေးထိုးသည့်အဖွဲ့ကဖြစ်စေ၊ လက်မှတ်မရေးထိုးသည့် အဖွဲ့ ကဖြစ်စေ စစ်ရေးအရ ပြုမှုခြင်းများသည် ရေရှည်ငြိမ်းခြမ်းရေးနှင့် တည်ငြိမ်မှုကိုထိခိုက်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟု ထုတ်ပြန်ချက်က ထောက်ပြထားသည်။

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ပြီး တရားမျှတသော ငြိမ်းရေးတည်ဆောင်မှု ရေရှည်လုပ်ငန်းစဉ်၏ အရေးကြီးသော ခြေလှမ်းဖြစ်သည့် NCA လက်မှတ်ရေးထိုးနိုင်ခြင်းအား အောက်တိုဘာ ၁၅ ၌ ဆောင်ရွက်နိုင်သည်ကို ချီးကျူးကြောင်း ထည့်သွင်းဖော်ပြထားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုအားကောင်းစွာ ဖော်ဆောင်နိုင်ရေးအတွက် လက်မှတ်မရေးထိုးသေးသည့် အဖွဲ့အစည်းများနှင့် အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးသွားရန်လည်း မြန်မာအစိုးရအား အမေရိကန်က တိုက်တွန်းသည်။

ကချင်နှင့် ရှမ်းပြည်နယ်များတွင် ထိုးစစ်များဆင်နွှဲနေသဖြင့် ထိုဒေသများရှိ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်း ကျော်ထံ အထောက်အပံ့အကူအညီများ ခြွင်းချက်မရှိ၊ နှောင့်နှေးခြင်းမရှိစေဘဲ အနှောင်အဖွဲ့ကင်းကင်းဖြင့် ရောက်ရှိစေရန် သက်ဆိုင်သူအားလုံး ကြိုးပမ်းဆောင်ရွက်ကြရန်ကိုလည်း အလေးအနက်တိုက်တွန်းထားသည်။

သက်ဆိုင်သူများအကြား သဘောတူညီချက်များ၊ NCA စာချုပ်၊ တည်ဆဲအပစ်ရပ်စဲမှုများနှင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့် ကူညီနေမည်ဖြစ်ပြီး ရှေ့လာမည့် လ၊ နှစ် များအတွင်း ဆက်လက် ၍လည်း မြန်မာနိုင်ငံ၏ သမိုင်းဝင်ငြိမ်းချမ်းရေးတည်ဆောင်မှုလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်သွားမည်ဟု အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly