ရွေးကောက်ပွဲ နီးလာပြီဖြစ်သော်လည်း မြောက်ဦးတွင် ပညာပေးရေးလုပ်ရန် လိုအပ်နေဆဲ

ရွေးကောက်ပွဲ နီးလာပြီဖြစ်သော်လည်း မြောက်ဦးတွင် ပညာပေးရေးလုပ်ရန် လိုအပ်နေဆဲ
Photo Mizzima/ DMG

ရွေးကောက်ပွဲကျင်းပရန် ၂၃ ရက်သာလိုတော့သော်လည်း မြောက်ဦးမြို့နယ်တွင် မဲပေးခြင်းနှင့်ပတ်သက်၍ အသိပညာဗဟုသုတ နည်းပါးနေသူများ ရှိနေသေးကြောင်း သိရသည်။

မြောက်ဦးမြို့နယ်ရှိ ကျေးရွာတချို့တွင် ခိုင်လုံမဲပေးနိုင်စေရန် ပယ်မဲများမဖြစ်စေရန် သတိထားရမည့် အချက်များကို အသိပညာဟောပြောပွဲနှင့် လက်တွေ့သင်တန်း ပြုလုပ်ပေးနေသည့် ဒေသခံရှေ့နေ တချို့နှင့်ဖွဲ့စည်းထားသော ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးခိုင်မင်းထွန်းက ပြောဆိုခြင်းဖြစ်သည်။

"အရင်ခေတ်ကအတွေ့အကြုံက မဲခြစ်တဲ့ပုံစံ၊ အခုစနစ်သစ်က ပြောင်းသွားတယ်ဆိုတော့ လူတွေမှာက အတွေ့အကြုံ နည်းသေးတယ်လေ။ တချို့ဆိုရင် မြို့ထဲမှာတောင် မဲဘယ်လိုပေးရမယ်ဆိုတာ အခုအချိန်ထိ မသိကြသေးပါဘူး။ အဲဒီအခြေအနေကို ကျွန်တော်တို့က ဒါလုပ်သင့်လုပ်ထိုက်တယ်ဆိုပြီတော့ စလုပ်တာဖြစ်ပါတယ်။" ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ပြီး တောင်ဦးကျေးရွာနှင့် ကျီရာပြင်ကျေးရွာရှိ မဲဆန္ဒရှင်များအား ရှင်းလင်းပြော ကြားပြီး လက်တွေ့ပို့ချခဲ့သည်။ ကျေးရွာနှစ်ရွာပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

"မဲကိုဘာကြောင့်ထည့်ရမယ်။ ဘာကြောင့်ရွေးကောက်ပွဲလုပ်တယ်ဆိုတဲ့ အခြေအနေတွေကိုပါ ကျွန်တော်တို့က ရှင်းပြခဲ့ပါတယ်။ သူတို့လည်းတော်တော်လည်း သဘောပေါက်သွားကြတယ်။" ဟုလည်း ရှေ့နေ ဦးခိုင်မင်းထွန်း (ကျော်ထွီး) က ပြောသည်။

အဆိုပါအဖွဲ့သည် ကျွဲတည်းကျေးရွာ၊ ငှက်ခါးကျေးရွာ၊ အောင်တပ်ရပ်ကွက် စသည့်ကျေးရွာများသို့ သွားရောက်ကာ အလားတူ ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်သည်။ ငွေကြေးအခြေအနေအပေါ် မူတည်၍ ကျေးရွာအရေအတွက် တိုးချဲ့ လုပ်ဆောင်ပေးသွားမည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly