လှောင်ပြောင်ခံရမှုဖြစ်ရပ်တွေက ကစားသမားဘဝ အစဉ်ထိတွေ့နေကျကိစ္စရပ်တွေပါ - နေမာ

လှောင်ပြောင်ခံရမှုဖြစ်ရပ်တွေက ကစားသမားဘဝ အစဉ်ထိတွေ့နေကျကိစ္စရပ်တွေပါ - နေမာ
Photos: EPA

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက သူ့အနေနဲ့ ပြီးခဲ့တဲ့ နွေစျေးကွက်ကာလမှာ အသင်းကနေ စွန့်ခွာဖို့အတွက် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့တဲ့အတွက် ပရိသတ်တွေဆီက လှောင်ပြောင်မှုတွေကို ကြံတွေ့ခဲ့ရပေမယ့်လည်း ဒါဟာ သူ့အတွက် ပုံမှန်တွေ့ကြုံနေကျဖြစ်ရပ်မျိုးသာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ နွေရာသီကာလအတွင်းမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့ရာမှာ မအောင်မြင်ပဲဖြစ်ခဲ့ပြီး စနေနေ့က ပီအက်စ်ဂျီရဲ့ အိမ်ကွင်းမှာ စထရာဘိုးအသင်းနဲ့ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ကစားတာဖြစ်ပါတယ်။

နေမာဟာ ပွဲချိန် (၈၂)မိနစ်မှာ နောက်ပြန်ကန်ချက်နဲ့ တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး သူဘယ်လောက် အရေးပါတန်ဖိုးရှိကြောင်း ပီအက်စ်ဂျီပရိသတ်တွေကို သတိပေးသွားပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေဟာ နေမာကို ပွဲတစ်လျှောက် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ပြီး အခုဆိုရင် နေမာဟာ မလိုလားတဲ့ ကြိုဆိုမှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

'ကျနော် ပီအက်စ်ဂျီပရိသတ်တွေအတွက် အထူးသဖြင့် စကားပါးလေ့မရှိပါဘူး။'လို့ နေမာက ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"အနည်းငယ် ရှုပ်ထွေးခဲ့ပြီး ဒီကိစ္စက သူတို့အတွက် အနည်းငယ်ခက်ခဲမှုဖြစ်ခဲ့ပါတယ်။ သူတို့ (ပီအက်စ်ဂျီ ပရိသတ်များ)ကို အတိုက်အခံလုပ်စရာအကြောင်းလည်း ကျနော်မှာ မရှိပါဘူး။ 

ကျနော် ဒီကို ရောက်ခဲ့တုန်းက သူတို့ဟာ ကျနော့်အတွက် ကြီးကျယ်တဲ့ ကြိုဆိုမှုဖြစ်ခဲ့ပါတယ်။ ဒါကို ကျနော့်နှလုံသားထဲ သိမ်းထားပါလိမ့်မယ်။ ကျနော့်အတွက် အရေးကြီးဆုံးအရာက ဒီနေ့ပဲဖြစ်တယ်။"

'တကယ်တော့ ဒီလိုလှောင်ပြောင်မှုမျိုးတွေက ကျနော့်ရဲ့ ကစားသမားဘဝမှာ အစဉ်ထိတွေ့နေကျ ကိစ္စရပ်မျိုးတွေပါပဲ။'

'ကျနော် ထွက်ခွာချင်ခဲ့တယ်ဆိုတာ အားလုံးလည်း သိပါတယ်။ ဒါကို ကျနော် ပြောပြီးရင်း ထပ်တလဲလဲလည်း ပြောခဲ့ပြီးပါပြီ။'

'ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အသေးစိတ်တော့ မပြောချင်တော့ပါဘူး။ အခုက နောက်တစ်မျက်နှာကို လှန်ရတော့မယ့် အချိန်ပါ။ ဒီနေ့မှာ ကျနော်က ပီအက်စ်ဂျီ ကစားသမားတစ်ယောက်ဖြစ်ပြီး ကွင်းထဲမှာ အလုံးစုံ ပေးဆပ်သွားမှာပါ။'

ဒါ့အပြင် နည်းပြ တူချယ်ကလည်း အခုလို လှောင်ပြောင်မှုဖြစ်ရပ်မျိုးမှာ ကစားသမားအတွက် ခက်ခဲမှုဖြစ်နိုင်ပေမယ့်လည်း လက်ခံရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ်ကြားရက်အတွင်းမှာတော့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ စပိန်အသင်းကြီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။

Ref; AFP, Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags