လူထုကို ဖိနှိပ်တဲ့ အာဏာရှင်စနစ် ပြန်မရောက်အောင် ညီညွတ်ကြဖို့ သမ္မတ တိုက်တွန်း

လူထုကို ဖိနှိပ်တဲ့ အာဏာရှင်စနစ် ပြန်မရောက်အောင် ညီညွတ်ကြဖို့ သမ္မတ တိုက်တွန်း
ဓာတ်ပုံ- အီးပီအေ

နေပြည်တော်(စက်တင်ဘာ ၁၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ ပြည်သူလူထုကို ဖိစီးနှိပ်စက်သည့် အာဏာရှင်ဆန်သော နိုင်ငံရေး စနစ်မျိုး ပြန်လည်မထွန်းကားအောင် ပြည်သူလူထုအားလုံး သွေးစည်းညီညွတ်ကြရန် ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမိန့်ခွန်းတွင် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်သည်။

 နေပြည်တော်ရှိ လွှတ်တော်သဘင်ဆောင်တွင် စက်တင်ဘာလ ၁၅ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် သမ္မတ ဦးဝင်းမြင့်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 “ဒီမိုကရေစီပန်းတိုင် ရောက်ရှိရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ အာဏာရှင်ဆန်ပြီး ပြည်သူလူထုကို ဖိစီးနှိပ်စက်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်း မရှိစေရေး၊ အခြေခံလူ့အခွင့်အရေးများကို အာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ပေါ်ရေး၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူလူထုထံမှ ဆင်းသက်တယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူ ခိုင်မြဲရေးတို့အတွက် ဒီမိုကရေစီရဲ့ မောင်းနှင်အားဖြစ်တဲ့ ပြည်သူလူထုအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှု စုပေါင်းအားဖြင့် ရှေ့ခရီးဆက်ကြပါစို့” ဟု သမ္မတက တိုက်တွန်းသည်။

 ဒီမိုကရေစီကို အမှန်တစ်ကယ် ယုံကြည်သက်ဝင်ပါက အမုန်းစကားများကို ရှောင်ရှား၊ အမုန်းတရားများကို ကျော်လွှားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုကြရန် လိုအပ်သည်ဟုလည်း သမ္မတ ဦးဝင်းမြင့်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။

 ထို့ပြင် လက်ရှိအခြေအနေကို “ဒီမိုကရေစီ အပင်ပေါက်လေး” ဟု သမ္မတက ဥပမာပေးကာ ဒီမိုကရေစီ ရှင်သန်ရေးကို အတားအဆီးဖြစ်စေမည့် ကိစ္စရပ်များကို သတိထားကြရန်လည်း ၎င်းက ပြောကြားခဲ့သေးသည်။

 “ဒီမိုကရေစီ မရှိသေးတဲ့ ဒါမှမဟုတ် အပြည့်အဝ မရသေးတဲ့ နိုင်ငံတွေမှာ လူမျိုးရေး ပြဿနာများနဲ့ စိတ်ဝမ်းကွဲပြားမှုများဟာ ဒီမိုကရေစီ ရှင်သန်ရေးကို အတားအဆီး ဖြစ်စေကြောင်း သတိပြုကြစေလိုပါတယ်” ဟု သမ္မတက ပြောသည်။

 ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး ရရှိရန် တိုင်းရင်းသားများအားလုံး လိုလိုလားလား ပူးပေါင်း ဆောင်ရွက်ကြရန် အထူးလိုအပ်သည်ဟုလည်း အခမ်းအနားမိန့်ခွန်းတွင် သမ္မတက ထည့်သွင်းပြောဆိုသည်။

 “ကျွန်တော်တို့ အစိုးရအနေနဲ့ ဆိတ်သုဉ်းခဲ့တဲ့ ဒီမိုကရေစီနဲ့ ဆုံးရှုံးခဲ့တဲ့ ဖက်ဒရယ် အခွင့်အရေး ပြန်လည်ရရှိရန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ပေါ်ပေါက်ရေးကို ဦးတည်ကြိုးပမ်းလျက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

 စက်တင်ဘာ ၁၅ရက်တွင် ကျရောက်သည့် ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းပါဝင်စို့” ဟု သတ်မှတ်ထားပြီး ယခုနှစ် အခမ်းအနားသို့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly