ကွန်ဂိုမြစ်အတွင်း သင်္ဘောနစ်မြုပ်မှုမှာ လူ ၃၀ ကျော် ပျောက်ဆုံးနေ

By AFP
16 September 2019
ကွန်ဂိုမြစ်အတွင်း သင်္ဘောနစ်မြုပ်မှုမှာ လူ ၃၀ ကျော် ပျောက်ဆုံးနေ

စက်တင်ဘာ ၁၆ ။             ။ ကွန်ဂိုနိုင်ငံရဲ့ မြို့တော် ကင်ရှာဆာအရပ်က ကွန်ဂိုမြစ်အတွင်းမှာ ကုန်တင်နဲ့ ခရီးသည်တင် သင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ရာမှာ လူပေါင်း ၃၆ ဦး ပျောက်ဆုံးနေကြောင်း လူမှုရေးဝန်ကြီးဌာနရုံးက တနင်္ဂနွေနေ့က ထုတ်ပြန်ပါတယ်။

ကွန်ဂိုရဲတပ်ဖွဲ့ရဲ့ တွစ်တာကနေ ထုတ်ပြန်ချက်အရ အဲဒီ သင်္ဘောနစ်မြုပ်မှုမှာ ပျောက်ဆုံးသူ ၃၆ ဦးနဲ့ အသက်ရှင်လျက် ကယ်ဆယ်နိုင်သူ ၇၆ ဦး ရှိကြောင်း သိရပါတယ်။

ဒီ အဖြစ်ဆိုးဟာ စနေကနေ တနင်္ဂနွေအကူး ညပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုလို သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်း ရဲဌာန ပြောဆိုခွင့်ရှိသူ ရဲမှူး ရွမ်ဘတ်ဝါနမ်ပူတူက ပြောပါတယ်။

အဆိုပါ သင်္ဘောဟာ မိုင်နမ်ဒွမ်ဘီအရပ်ကနေ ကင်ရှာဆာအရပ်ဆီ ဦးတည်ခုတ်မောင်းလာချိန် မြို့ကနေ တစ်ရာကီလိုမီတာအကွာအဝေးက မြစ်ကြောင်းရေစီးသန်တဲ့ နေရာမှာ တိမ်းမှောက်မှုဖြစ်တာပါ။

ကွန်ဂိုနိုင်ငံမှာ စက်လှေ၊ သင်္ဘောတွေရဲ့ လုံခြုံရေးစိတ်မချရတဲ့ အခြေအနေနဲ့ ခရီးသည်နဲ့ ဝန်ပိုတင်းခြင်းတွေကြောင့် ရေလမ်းခရီးတွေမှာ မတော်တဆဖြစ်ပွားမှုတွေ ကြုံတွေ့ရလေ့ ရှိပါတယ်။

ဖြစ်ပွားတဲ့ မတော်တဆမှု တော်တော်များများမှာလည်း ခရီးသည်တွေက အသက်ကယ်အင်္ကျီ မဝတ်ကြတာတွေကြောင့် အဖြစ်ဆိုးကြုံရတာတွေ ပိုအဖြစ်များပါတယ်။

အကျယ်အဝန်း စတုရန်းကီလိုမီတာ ၂ ဒသမ ၃ သန်းရှိတဲ့ ကွန်ဂိုနိုင်ငံမှာ ကားလမ်းတွေ လမ်းကောင်းတာက အနည်းငယ်သာ ရှိပြီး သွားရေးလာရေးမှာ မြစ်ချောင်းနဲ့ ရေအိုင်တွေကို အဓိက အားထားနေရတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly