ဆီးရီးယားလေကြောင်း အန္တရာယ်ကင်းရှင်းရေးစာချုပ် အမေရိကန်နှင့် ရုရှ မကြာမီလက်မှတ်ရေးထိုးနိုင်

ဆီးရီးယားလေကြောင်း အန္တရာယ်ကင်းရှင်းရေးစာချုပ် အမေရိကန်နှင့် ရုရှ မကြာမီလက်မှတ်ရေးထိုးနိုင်

ဝါရှင်တန်၊ အောက်တိုဘာ ၁၅ ။          ။ ဆီးရီးယားတွင် ဗုံးကြဲသည့်စစ်ဆင်ရေးများကို သီးခြားစီလုပ်ဆောင်လျက်ရှိသည့် အင်အားကြီး နိုင်ငံများဖြစ်ကြသော အမေရိကန်နှင့် ရုရှတို့သည် ဆီးရီးယားနိုင်ငံ၏ ကောင်ကင်ယံတွင် လေကြောင်းအန္တရာကင်းရှင်းရေး စာချုပ်တစ်ခုကို မကြာမီ လက်မှတ်ရေးထိုးနိုင်မည်ဟု အမေရိကန်ကာကွယ်ရေး အရာရှိတစ်ဦးက အောက်တိုဘာ ၁၄တွင် ပြောကြားခဲ့သည်။

"လာမဲ့ရက်အနည်းငယ်အတွင်းမှာ လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်"ဟု အမည်မဖော်သော ထိုအရာရှိက ပြောသည်။ ဆီးရီးယားကောင်းကင်ယံတွင် အမေရိကန်နှင့် ရုရှပိုင်းလော့များ တစ်ဦးကို တစ်ဦးမတော်တဆ ထိခိုက်မိ တိုက်ခိုက်မိမဖြစ်စေရေး အတွက် တတိယအကျော့ ဗီဒီယိုဆွေးနွေးပွဲများ ကျင်းပပြီးနောက် မကြာမီ ယင်းအရာရှိ၏ ပြောကြား ချက်ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲများအတွင်း တိုးတက်မှုများရရှိခဲ့ပြီး ဆွေးနွေးမှုတွင် အတတ်ပညာပိုင်းဆိုင်ရာများပါဝင်ပြီး တိကျသော အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ရေးတွင် ကွာဟချက် ကျဉ်းမြောင်းစွာ ဆွေးနွေးနိုင်ခဲ့သည်ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီး ဂျက်ဖ်ဒေးဗစ်က ပြောသည်။

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ်အုပ်စုကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည်။

သို့သော်လည်း ထိုမစ်ရှင်မှာ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို ကူညီရန်ရည်ရွယ်သည့် ရုရှ၏ လေကြောင်းတိုက်ခိုက်မှုများ စက်တင်ဘာ ၃၀ က စတင်လိုက်သောအခါ အခြေအနေမှာ များစွာရှုပ်ထွေးလာခဲ့သည်။

အိုင်အက်စ်နှင့် အခြားအကြမ်းဖက်သမားများကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု မော်စကိုက ပြောကြားလျက်ရှိသည်။ သို့သော်လည်း မော်စကိုသည် အစွန်းမရောက်သောသူပုန်များကိုလည်း တိုက်ခိုက်လျက်ရှိသည်ဟု စွပ်စွဲချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly