ပရမ်းပတာ ဒီမိုကရေစီမျိုး မလိုလားဘူးလို့ တပ်မတော် ပြော

ပရမ်းပတာ ဒီမိုကရေစီမျိုး မလိုလားဘူးလို့ တပ်မတော် ပြော
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကိုယ်စား စာတမ်းဖတ်ကြားခဲ့သည့် ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်

နေပြည်တော်(စက်တင်ဘာ ၁၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာတွင် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဖြစ်ရန် အရေးကြီးပြီး လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီ ဖြစ်လို့မရဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ပြောကြားလိုက်သည်။

 “လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီမျိုး ဖြစ်လို့ မရပါဘူး။ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ပြည့်ဝစွာ အသိဉာဏ် အတွေးအခေါ်မြင့်မြင့်၊ စည်းကမ်းရှိရှိ လိုက်နာကြရမှာ ဖြစ်ပါတယ်” ဟု တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်က ပြောသည်။

 နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦအတွင်း ကျင်းပသည့် ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၏ စာတမ်းကို ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်က ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

 အထူးသဖြင့် နိုင်ငံကို ဦးဆောင်ဦးရွက်ပြုနေသည့် အစိုးရပိုင်း၊ လွှတ်တော်အပိုင်းက ဥပဒေနှင့်အညီ ပြုမူဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားအားလုံးကို နမူနာကောင်းများ ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်းလည်း တပ်မတော်အစုအဖွဲ့၏ စာတမ်းတွင် ပါရှိသည်။

 “စည်းကမ်းရှိခြင်း သဘောဟာ ထုတ်ပြန်ထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းပဲ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်က ပြောသည်။

 လက်ရှိ NLD ဦးဆောင်သည့် လွှတ်တော်က ကြိုးပမ်းနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လမ်းကြောင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်း အခြေခံဥပဒေအရ လွှတ်တော်တွင်း ၂၅ရာခိုင်နှုန်း နေရာရထားသည့် တပ်မတော်အစုအဖွဲ့က အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားထားသည်။

 လွှတ်တော်အမတ် ၄၅ဦး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းမှုသည် ဥပဒေနှင့်မညီဟုဆိုကာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

 ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်က “ဒီမိုကရေစီဆိုရာမှာ လူများစုရဲ့ ဆန္ဒကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာ ဖြစ်သလို လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးစားရမှာ ဖြစ်ပါတယ်” ဟု ယနေ့စာတမ်းတွင် ထည့်သွင်းဖတ်ကြားခဲ့သည်။

 “ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းကို ခံတွင်းတွေ့နေရုံ မဟုတ်ဘဲ ဒီမိုကရေစီ ယဉ်ကျေးမှုတွေ၊ နို်င်ငံရေးအသိတွေ မြင့်မားနေကြဖို့လည်း လိုပါတယ်” ဟု ၎င်းက ဆိုသည်။

 ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းပါဝင်စို့” ဟူ၍ ဖြစ်ပြီး နို်င်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း အခမ်းအနား ပထမပိုင်းသို့ တက်ရောက်ကာ အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြသေးသည်။

 ယနေ့ အခြေအနေသည် ဒီမိုကရေစီလမ်းစပေါ် ခြေချခါစသာ ရှိသေးပြီး ဒီမိုကရေစီပန်းတိုင်ကို မရောက်သေးကြောင်း ပြည်သူလူထုက သတိချပ်စေလိုသည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

 “ဒီမိုကရေစီ အသွင်ကူးပေါင်းရေး ပိုမိုလျင်မြန်စေရန် တိုင်းရင်းသားများအားလုံး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိရေးမှာလည်း လိုလိုလားလား ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။

 ဒီမိုကရေစီ အပြည့်အဝ မရသေးသည့် နိုင်ငံများတွင် လူမျိုးရေး ပြဿနာများနှင့် စိတ်ဝမ်းကွဲပြားမှုများသည် ဒီမိုကရေစီ ရှင်သန်ရေးကို အတားအဆီးဖြစ်ကြောင်း သတိပြုစေလိုပြီး အမုန်းစကားများနှင့် အမုန်းတရားများကို ရှောင်ရှား၊ ကျော်လွှားရန်လည်း လိုအပ်သည်ဟု သမ္မတက ဆိုသည်။

 အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်းက စတင်ကာ နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီအသီးသီးနှင့် တပ်မတော်အစုအဖွဲ့တို့က ၎င်းတို့၏ စာတမ်းများကို ဖတ်ကြားခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required