စျေးရောင်းပွဲတော်က ရရှိတဲ့ အကျိုးအမြတ်များကို ပြန်လည်လှူဒါန်းမယ်

စျေးရောင်းပွဲတော်က ရရှိတဲ့ အကျိုးအမြတ်များကို ပြန်လည်လှူဒါန်းမယ်
ဓာတ်ပုံ-MOFA

ရန်ကုန်၊ စက်တင်ဘာ ၁၅ ။         ။ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြုလုပ်ထားတဲ့ ထျန်းလျက်ကိတ်ကို လေလံတင်ရောင်းချတာ အပါအဝင် မြန်မာ-အာဆီယံ အမျိုးသမီးများချစ်ကြည်ရေးအသင်း စျေးရောင်းပွဲတော်ကနေ ရရှိတဲ့ အကျိုးအမြတ်တွေကို ပြန်လည် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ဝင်းထဲမှာ ရှိတဲ့ Yangon Convention Centre မှာ စက်တင်ဘာလ ၁၄ ရက်ကနေ ၁၅ ရက်ထိ နှစ်ရက်တာ ကျင်းပခဲ့တဲ့ ဒီပွဲတော်ကို  မြန်မာ-အာဆီယံ အမျိုးသမီးများချစ်ကြည်ရေး အသင်း (Myanmar-ASEAN Women’s Friendship Association - MAWFA) က ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သကြားအစား ထန်းလျက်၊ အုန်းသီးတို့နဲ့ ပြုလုပထားတဲ့ ကိတ်မုန့်ကို အမေရိကန်ဒေါ်လာ ၁၅၀၀ ဖြင့် စက်တင်ဘာ ၁၄ ရက်က လေလံအောင်ထားခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ မန္တလေးရွှေချည်ထိုးပညာရှင် ဆရာကြီး ဦးစိန်မြင့်ရဲ့လက်ရာ ဖြစ်တဲ့ လောကနတ်ပုံ ရွှေချည်ထိုးပန်းချီကားကို လေလံတင်ရောင်းချခဲ့ပါတယ်။

''ကျွန်မတို့ကတော့ ဒီရန်ပုံငွေတွေအပြင် တခြားအလှူအနေနဲ့ ဖိနပ်တစ်ရံဝယ်တိုင်း တစ်ထောင်ဖယ်ပြီး မိဘမဲ့ ကလေးဂေဟာတွေကို လှူဒါန်းပါတယ်။ ကျွန်မတို့ ဖိနပ်ဝယ်စီးသူတိုင်းလည်း ကုသိုလ်ရအောင်ပေါ့။''လို့ စျေးရောင်းပွဲတော်မှာ ပါဝင်တဲ့ မပန်းအိက ပြောပါတယ်။

အဲဒီငွေကြေးတွေကို တစ်ကိုယ်ရေမိခင်နဲ့ ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ ဂေဟာတွေ၊ အိမ်ရာမဲ့ လေလွင့် ကလေးငယ်တွေရဲ့ ပညာရေးကို အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

''ဒီလိုပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အာဆီယံအမျိုးသမီးချစ်ကြည်ရေးအသင်းကို တည်ထောင်ပြီးကတည်း က နှစ်စဉ်လှုပ်ရှားမှုတွေ လုပ်ပါတယ်။ အာဆီယံအမျိုးသမီးချစ်ကြည်ရေးအသင်းဆိုတာလည်း အာဆီယံဒေသ အတွင်းမှာရှိတဲ့ ပြည်သူတွေအချင်းချင်း နားလည်မှုရရှိပြီးတော့ အချင်းချင်းချစ်ကြည်ရင်းနှီးဖို့အတွက် ဖြစ်ပါ တယ်။ အာဆီယံအမျိုးသမီး ချစ်ကြည်ရေးကနေ အာဆီယံနိုင်ငံများ ချစ်ကြည်ရေးကို အထောက်အကူပြုနိုင် အောင်လည်း ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ထွက်ကုန်တွေကို နိုင်ငံတကာကနေ သိရှိအောင် ပြ သခြင်းလည်း ဖြစ်တယ်။ ''လို့ မြန်မာ-အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်း နာယက၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၏ ဇနီး ဒေါ်လွင်လွင်မှန်က ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ စျေးရောင်းပွဲတော်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီးရဲ့ဇနီး ဒေါ်မေရင်ထွန်းကလည်း လာရောက်လည်ပတ်ခဲ့ပါတယ်။

''ဒီကိုလာကြည့်တာ တကယ်အားရပါတယ်။ အမျိုးသမီးတွေ စွမ်းဆောင်ရည် တိုးတက်တာတွေကိုလည်း တွေ့ရတယ်။ အချင်းချင်း လက်မှုဖလှယ်ကြတာတွေလည်း တွေ့ရတယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် တော်တော် တက်လာတာ တွေ့ရတယ်။ အားလုံးစည်းလုံးစွာနဲ့ လက်တွဲလုပ်ကြတော့ အားရမိတယ်။''လို့ ဒေါ်မေရင်ထွန်းက ဆိုပါတယ်။

စျေးရောင်းပွဲတော်မှာ အာဆီယံနိုင်ငံတွေရဲ့ မတူကွဲပြားတဲ့ ထွက်ကုန်ပစ္စည်းတွေ၊ ရိုးရာအစားအစာတွေ၊ လက်မှုအနုပညာပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေ၊ ရိုးရာအဝတ်အထည်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဆိုင်ခန်းပေါင်း ၁၅ဝကျော်နဲ့ ခင်းကျင်းပြသရောင်းချခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required