ဆော်ဒီ ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှု အီရန်လက်ချက်ဟု အမေရိကန် ပြစ်တင်

ဆော်ဒီ ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှု အီရန်လက်ချက်ဟု အမေရိကန် ပြစ်တင်

စက်တင်ဘာ ၁၅ ။             ။ ဆော်ဒီ အာရေးဗျ ရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရမှုတွေရဲ့ နောက်ကွယ်မှာ အီရန် ရှိနေတယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်စွပ်စွဲလိုက်ပါတယ်။

အဆိုပါ ဆော်ဒီ ရေနံစက်ရုံတွေ ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းခဲ့မှုက ယင်းနိုင်ငံရဲ့ ရေနံထုတ်လုပ်မှုကို အကြမ်းဖျင်းအားဖြင့်် ထက်ဝက်မျှ လျော့ကျသွားစေခဲ့ပြီး ကမ္ဘာ့ ရေနံစျေးတွေလည်း မြင့်တက်လာဖွယ် ရှိနေပါတယ်။

ယခု တိုက်ခိုက်မှုကိစ္စမှာ ယီမင် ပါဝင်ပတ်သက်မှု မရှိနိုင်ဘဲ အီရန်ကသာ တကယ့် လက်သည်တရားခံ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြား ဝန်ကြီးက ပြစ်တင်စွပ်စွဲသွားခဲ့ပါတယ်။

အစောပိုင်းက ယီမင်မှာ ရှိတဲ့ အီရန် မဟာမိတ် ရှီးအိုက် ဟူသီ သူပုန်တွေက ဒီ တိုက်ခိုက်မှုကို ၎င်းတို့ လုပ်တာလို့ ထုတ်ဖော်ခဲ့ပါတယ်။

ဒါပေမယ့် ခုကိစ္စမှာ ယီမင် ဘက်က လုပ်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ မရှိကြောင်း၊ တီဟီရန် တို့ကသာ ဆော်ဒီအာရေးဗျမှာ တိုက်ခိုက်မှု အကြိမ် ၁၀၀ နီးပါးကို လုပ်ခဲ့တာ ဖြစ်ကြောင်း မိုက်ပွန်ပဲယိုးက ပြောသွားပါတယ်။

ခုလို ဆော်ဒီ ရေနံချက်စက်ရုံတွေ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ၎င်းတို့အပေါ် အမေရိကန်က အပြစ်ပုံချ စွပ်စွဲခံတာနဲ့ပတ်သက်လို့လည်း အီရန်ဘက် စက်တင်ဘာ ၁၅ ရက်မှာ ပယ်ချသွားခဲ့ပါတယ်။

ခုလို အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိကြောင်း တီဟီရန်ဘက်က ပြန်လည် ပြစ်တင်သွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly