အလုပ်ထုတ်ခံရသော အလုပ်သမားခေါင်းဆောင် လေးဦးကို ပြန်ခန့်ထားပေးရေး ဆန္ဒပြ

အလုပ်ထုတ်ခံရသော အလုပ်သမားခေါင်းဆောင် လေးဦးကို ပြန်ခန့်ထားပေးရေး ဆန္ဒပြ
(ဓာတ်ပုံ- ကိုကိုအောင်။မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၁၅ ။         ။ မီကိုကော်ဖီမစ်စက်ရုံမှ အလုပ်ထုတ်ခံထားရသည့် အလုပ်သမားခေါင်းဆောင် လေးဦးကို အလုပ် ပြန်လည် ခန့်ထားပေးရေးအတွက် စက်ရုံရှေ့တွင် စက်တင်ဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီ၌ အလုပ်သမားများက တောင်းဆိုဆန္ဒပြလျှက် ရှိသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၄ လမ်းနှင့် ၆၅ လမ်းကြား၊ ကနောင်မင်းသားကြီးလမ်းရှိ မီကို ကော်ဖီမစ် စက်ရုံမှ အလုပ်သမားခေါင်းဆောင် လေးဦးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ဖောက်ဖျက်သည်ဟုဆိုကာ အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် အလုပ်ရှင်နှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်ပြေမှုမရရှိခဲ့ခြင်း ကြောင့် ယခုလို ဆန္ဒပြတောင်းဆိုရခြင်း ဖြစ်သည်ဟု အလုပ်ထုတ်ခံထားရသူ မအေးမာက ပြောသည်။

"ကျွန်မတို့ စည်းကမ်း ချိုးဖောက်ထားတာ မရှိပါဘူး။ သေးပေါက်သွားတာ ပြောမသွားလို့ ဆိုပြီး ထုတ်တာပါ။ အလုပ် ပြန်ခန့်ပေးဖို့ တောင်းဆိုချင်ပါတယ်။"ဟု မအေးမာက ပြောသည်။

ထိုသို့ အလုပ်ခံရမှုနှင့်ပတ်သက်၍ ညှိုနှိုင်းဖြေရှင်းပေးရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ နှစ်ကြိမ် တင်ပြတောင်းဆိုခဲ့သလို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လည်း အကြိမ်ကြိမ် တင်ပြ တောင်းဆိုခဲ့သည်ဟု သိရသည်။

သို့ရာတွင် ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခြင်းကြောင့် ယခုလို ဆန္ဒပြတောင်းဆိုရသည့်အထိ ဖြစ်လာရသည် ဟု အလုပ်ထုတ်ခံထားရသည့် အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သော မဌေးမာက ဆိုသည်။

" လုပ်ငန်းထဲ ပြန်ဝင်ရဖို့ပဲ ဆန္ဒပြတာ။ အလုပ်သမားရုံးရော။ ထွေအုပ်ရုံးရော ဝန်ကြီးချုပ်ကိုရော ညှိုနှိုင်းပေး၊ တောင်းတယ် လုပ်မပေးဘူး။ လုပ်ငန်းထဲ ဝင်ရနိုး၊ ဝင်ရနိုးနဲ့စောင့်နေတာ အခုဆို တစ်နှစ် ပြည့်နေပြီ။" ဟု မဌေးမာက ပြောသည်။

ဆန္ဒပြတောင်းဆိုနေသည့် အလုပ်သမားများဘက်မှ “ မီကိုကော်ဖီမစ်စက်ရုံမှ အလုပ်ထုတ်ခံရသော အလုပ်သမား ခေါင်းဆောင် လေးဦး အလုပ်ပြန်လည်ရရှိရေး၊ EC စာချုပ်၏ နောက်ဆက်တွဲ စည်းကမ်းချက်များတွင် မပါဝင်သော သန့်စင်ခန်းသွားခြင်းကို အကြောင်းပြ၍ အလုပ်မထုတ်ပယ်ရေး၊ အလုပ်သမား ဥပဒေများကို ချိုးဖောက်ထားသော မီကိုကော်ဖီမစ် စက်ရုံထွက် စားသောက်ကုန်များအား မသုံးစွဲရေး၊ အလုပ်ရှင်နှင့်အလုပ်သမားကြား ဆက်ဆံရေးဆိုးရွားအောင် ပြုလုပ်နေသည့် ဒေါ်မြသီတာအောင် (ခ) ဒေါ်မော်အား အလုပ်မှ ထုတ်ပယ်ပေးရေး၊ အလုပ်သမားဥပဒေချိုးဖောက်သူများအား ထိရောက်စွာ အရေးယူပေးရေး၊ မီကို ကော်ဖီမစ်စက်ရုံ အလုပ်သမားအငြင်းပွားမှုအား အလုပ်သမားဝန်ကြီးဌာနမှ အမြန်ဆုံး ဖြေရှင်းပေးရေး” တို့ကို မီကိုကော်ဖီမစ်စက်ရုံရှေ့တွင် ကြွေးကြော်တောင်းဆိုလျှက်ရှိသည်။

"အလုပ်သမားတွေ အလုပ်ထုတ်ခံရတာနဲ့ပတ်သက်ပြီး ဘာကြောင့်အလုပ်ထုတ်ခံရတာလည်း ကြည့်တဲ့အခါမှာ နောက်ဖေးသွားတာကို ခေါင်းဆောင်ကို မပြောဘဲ သွားလို့ဆိုပြီး အလုပ်ထုတ်လိုက်တာ။ ဒါက ပြည်ကြီးတံခွန်မြို့နယ်မှာ ခွင့်မတိုင်ဘဲ နောက်ဖေးသွားလို့ အလုပ်ထုတ်ခံရတဲ့အမှုက ဒါပထမဆုံး အမှုပေါ့။ လက်ရှိ ညှိနှိုင်းဖြေရှင်းနိုင်ဖို့ စာတင်ထားတယ်။ အလုပ်သမားတွေဘက်က ကူညီပေးသွားပါမယ်။"ဟု Myanmar Industries Craft & Services Trade Unions Federation မှ ဗဟိုအလုပ်အမှုဆောင် ကိုမင်းသက်ထွေးက ပြောသည်။

ဆန္ဒပြအလုပ်သမားများအနေဖြင့် အလုပ်ထုတ်ခံထားရသည့် အလုပ်သမားသမားခေါင်းဆောင် လေးဦးကို အလုပ် ပြန်လည်ခန့်ထားပေးသည်အထိ တောင်းဆိုသွားမည်ဟု ဆိုကြသည်။

လက်ရှိတွင် မီကိုကော်ဖီမစ်စက်ရုံဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုမှု မရှိသေးပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly