အိုစမာဘင်လာဒင်၏ သား ဟမ်ဇာဘင်လာဒင် သေဆုံးသွားပြီဟု ဒေါ်နယ်ထရမ့် အတည်ပြု

By Sky News/AFP
15 September 2019
အိုစမာဘင်လာဒင်၏ သား ဟမ်ဇာဘင်လာဒင် သေဆုံးသွားပြီဟု ဒေါ်နယ်ထရမ့် အတည်ပြု
Photo: AFP

 စက်တင်ဘာ ၁၅ 

အိုစမာဘင်လာဒင်၏ သား၊ အယ်ကိုင်ဒါ အဆင့်မြင့်ခေါင်းဆောင် ဟမ်ဇာဘင်လာဒင်သည် အမေရိကန်တို့လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်ရေးတစ်ခုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၄ ရက်တွင် အတည်ပြုသည်။

“ အိုစမာဘင်လာဒင်ရဲ့ သား ဟမ်ဇာဘင်လာဒင် ကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် ဒေသ စစ်ဆင်ရေးတစ်ခုအတွင်းမှာ သုတ်သင်နိုင်ခဲ့ပါပြီ” ဟု ထရမ့်က အိမ်ဖြူတော် ထုတ်ပြန်ကြေညာချက်တစ်ရပ်တွင် ပြောကြားသည်။

“ ခုလို ဟမ်ဇာဘင်လာဒင် သေဆုံးမှုက အယ်ကိုင်ဒါ ရဲ့ အရေးပါတဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေ၊ ဖခင်ဖြစ်သူနဲ့ ဆက်နွယ်နေတဲ့ အမှတ်သညာတို့ကို ဖယ်ရှားပိတ်ပင်နိုင်လိုက်ရုံတင် မကပါဘူး၊ ဒီအဖွဲ့ရဲ့ အရေးပါတဲ့ စစ်ဆင်ရေးလှုပ်ရှားဆောင်ရွက်မှုတွေကိုပါ အားနည်းစေခဲ့ပါပြီ” ဟု ထရမ့်က ပြောသည်။

ဟမ်ဇာဘင်လာဒင်သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့်အကြား စီစဉ်၊ ပတ်သက်မှုများအတွက် တာဝန်ရှိသူဖြစ်ကြောင်းလည်း ထရမ့်က ဆိုသည်။

အယ်ကိုင်ဒါ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဟမ်ဇာသည် ပြီးခဲ့သည့် သြဂုတ်လတုန်းကလည်း သေဆုံးသွားပြီ ဆိုပြီး ကောလာဟလ ထွက်ခဲ့သေးသည်။

ယင်းအချိန်က ၎င်းသေဆုံးသွားပြီဖြစ်ကြောင်း၊ အမေရိကန်ကလည်း ယင်းစစ်ဆင်ရေးမှာ အဓိကနေရာက ပါဝင်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း အသေးစိတ် ရှင်းလင်းသေချာမှု မရှိခဲ့ပေ။

အဆိုပါ ကာလက ထွက်ခဲ့သည့် သတင်းများနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် သမ္မတ ထရမ့်က မှတ်ချက်ပေးရန် ငြင်းဆန်သွားခဲ့သည်။

ဟမ်ဇာသည် အယ်ကိုင်ဒါ ခေါင်းဆောင်ဟောင်း အိုစမာ ဘင်လာဒင်၏ သားသမီး ၅၆ ဦးအနက် ၁၅ ယောက်မြောက် ဖြစ်ပြီး အသက် ၃၀ အရွယ်ခန့် ရှိမည်ဟု ယုံကြည်ရသည်။

အယ်ကိုင်ဒါ ခေါင်းဆောင်ဟောင်း အိုစမာ ဘင်လာဒင်အား ၂၀၁၁ ခုနှစ်က အမေရိကန်အထူးတပ်ဖွဲ့များ၏ စီးနင်းမှုတစ်ခုအတွင်း သုတ်သင်နိုင်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly