ရခိုင်တပ်မှူးတစ်ဦး ဘင်္ဂလားဒေ့ရှ်၌ ဖမ်းမိ

ရခိုင်တပ်မှူးတစ်ဦး ဘင်္ဂလားဒေ့ရှ်၌ ဖမ်းမိ
Photo - http://www.benarnews.org/

အောက်တိုဘာ ၁၅ ။          ။ ရခိုင်တပ်မတော် AA မှ တပ်မှူးတစ်ဦးအား နှစ်နိုင်ငံနယ်စပ်တစ်လျှောက်ရှိ ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့များနှင့် သြဂုတ် ၂၆ ရက် နေ့ တိုက်ပွဲတွင် ပတ်သက်သူအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အောက်တိုဘာ ၁၄ ရက်က ဖမ်းဆီးလိုက်သည်။

မြန်မာနိုင်ငံဖွား နယ်သာလန်နိုင်ငံသားခံယူထားသူ AA တပ်မှူးကို ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း ရန်ဂါမာတီဟေး ခရိုင်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲကပြောသည်။

"သတင်းရရှိမှုအရ သူ့ကို ရန်ဂါမာတီက ရာဂျာစသာလီဈေးမှာ အောက်တိုဘာ ၁၄ ရက် မနက်က ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။” ဟု ရာဇဝတ်ရဲမှူး ရှာဟီဒူလက်ရှ်က အာရ်အက်ဖ်အေသို့ ပြောသည်။

အဆိုပါ AA တပ်မှူးဆိုသူသည် စစ်တကောင်းတောင်တန်းဒေသတွင် ၁၉၉၇ ခုနှစ်မှစတင်နေထိုင်ခဲ့သူဖြစ်ပြီး ၎င်းအား ဘင်္ဂလားဒေ့ရှ်နယ်ခြားကင်းလှည့်အဖွဲ့အား AA တပ်မတော်က တိုက်ခိုက်မှုအတွက် အကြမ်းဖက်ဆန့်ကျင်ရေး ဥပဒေဖြင့် စွဲချက်တင်ထားသည်။ ထို့ပြင် ရခိုင်နှင့် ထိစပ်နေသည့် တိုင်ဒွန်ပါရာတွင် တရားမဝင်နေထိုင်မှုဖြင့်လည်း စစ်ဆေးလျက် ရှိသည်။

လွန်ခဲ့သည့် ၁၈ နှစ်တာအတွင်း ၎င်းသည် နယ်သာလန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မကြာခဏ လာရောက် လည်ပတ်ခဲ့ ပြီး ရာဂျာစသာလီတွင် နေထိုင်ခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူက AA ခွဲထွက်ရေးတပ်မတော်ရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ဆီက နယ်သာလန်နိုင်ငံကူးစာအုပ် တွေ့ပါတယ်။ အိန္ဒိယပိုက်ဆံတစ်ချို့နဲ့ စာရွက်စာတမ်းတွေလည်း သိမ်းဆည်းရမိပါတယ်။” ဟု ရှာဟီဒူလာက ပြောသည်။

သြဂုတ် ၂၇-၂၈ ရက်များက AA တပ်ဖွဲ့သုံးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက်တွင် ယခုတပ်မှူးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တိုင်ဒွန်ပါရာရှိ အိမ်တွင် AA စစ်ဝတ်စုံများကိုလည်း ရှာဖွေတွေ့ရှိသည်ဟုလည်းဆိုသည်။

တန်ချီအူပါဇီလာတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားတပ်များနှင့်တိုက်ပွဲဖြစ်ပြီး အဆိုပါ AA တပ်ဖွဲ့ဝင်သုံးဦးကို ဦးစွာဖမ်းဆီးမိခြင်း ဖြစ်သည်။

BGB နှင့် AA အဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ရသည်မှာ ဘင်္ဂလားဒေ့ရှ်ဖက်က ၎င်းတို့၏ မြင်း ၁၀ ကောင်ကို ခိုးယူသွားခြင်း ကြောင့် ဖြစ်ရသည်ဟု AA တပ်မတော်က တာဝန်ရှိသူများက ဆိုသည်။

“ကျွန်တော်တို့က အစားအစာနဲ့ ဆေးဝါးသယ်ပို့ဖို့ မြင်းတွေကို အားထားနေရတာပါ။ ပြန်ပေးဖို့ပြောပေမယ့် သူတို့ဖက်က ငြင်းတယ်။ အဲဒီနောက် တိုက်ပွဲတွေဖြစ်တာပါပဲ။”ဟု AA ဒုဗိုလ်မှူးကြီး ညိုထွန်းအောင်၏ ပြောကြားချက်ကို the Myanmar Times တွင် သြဂုတ် ၂၈ ရက်နေ့က ဖော်ပြသည်။

ယခုဖမ်းဆီးရမိသည့် AA တပ်မှူးဆိုသူသည် ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က ခွဲထွက်ရေးအုပ်စုများအား စတင်ဖြိုခွင်းသည့် ၁၉၉၆-၉၇ တွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့် ရောက်ရှိလာသူဖြစ်ကြောင်း ရာဂျာစသာလီဒေသခံတစ်ဦးက ပြောသည်။

တိုင်ဒွန်ပါရာတွင် အိမ်တစ်လုံး ငှားရမ်းနေထိုင်ကာ ဒေသခံများအကြား နေထိုင်သူဖြစ်ပြီး AA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ၎င်းအိမ်သို့ လာရောက်လည်ပတ်လေ့ရှိသည်ဟု ယင်းဒေသခံက ပြောသည်။

 “သူက ရာဂျာစသာလီမှာ ဆေးဆိုင်တစ်ဆိုင်ဖွင့်ပြီးနေထိုင်နေတာပါ။ ဒေသခံအမျိုးသမီးနဲ့လည်း လက်ထပ်ထားပါတယ်။” ဟု ၎င်းဒေသခံကဆိုသည်။

Ref; RFA, http://www.benarnews.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags