မန္တလေး၊ စက်တင်ဘာ ၁၄ ။ ။ လယ်ယာမြေများကို အကွက်ရိုက်ရောင်းချနေမှုများအား မသိရှိသည့် ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီနှင့်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီတို့ကို အရေးယူသွားရန် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ စိုးသန်းက မဇ္ဈိမကိုပြောသည်။
"အရေးယူဆောင်ရွက်မယ့် နည်းလမ်းတွေတင်ပြီးပြီ။ဆောင်ရွက်ဖို့လည်း လုပ်နေတယ်။တကယ်လို့များ ကိုယ့်ထဲမှာရှိတဲ့ အကွက်ရိုက်ပြီး ကျူးကျော်နေမှုကို မသိရင် အဲဒီ လယ်ဆည်အဖွဲ့ တာဝန်ယူ ရမယ်။မြို့နယ်လယ်ဆည် ရပ်ကျေးလယ်ဆည်သူတို့ပါအရေးယူဖို့ ဆက်ပြီး ညွန်ကြားချက် ထုတ်ထား တယ်။မကြာခင် ထိထိရောက်ရောက်လာပါလိမ့်မယ်။"ဟု ဒေါက်တာစိုးသန်းကပြောသည်။
သက်ဆိုင်ရာမြို့နယ်အလိုက် လယ်ယာမြေစီ်မံခန့်ခွဲမှုကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးသည် မြို့နယ်မြေစာရင်းဦးစီးတို့ ပါဝင်ကြောင်း ၎င်းတို့အနေဖြင့် မြို့နယ်အတွင်း လယ်ယာမြေ အကွက်ရိုက်ရောင်းချနေမှုများကို မသိရှိပါက သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီကို အရေးယူသွားမည်ဟု သိရသည်။
လယ်ယာမြေများကို ပုံစံအမျိုးမျိုးဖြင့် အကွက်ရိုက်ရောင်းချနေမှုများကို ပုသိမ်ကြီးမြို့နယ်၊ အမရပူရ မြို့နယ်၊ မတ္တရာမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ်တို့တွင် အများဆုံးရောင်းချနေသည်ကိုတွေ့ရပြီး စျေးနှုန်း မှာလည်း အကွက်အမျိုးအစားပေါ်မူတည်၍ ကျပ်သိန်း ၃ဝမှ ကျပ်သိန်း ၁၀၀ ကြားတွင် အများဆုံး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချမှုများကို လယ်ယာမြေပိုင်ရှင်များကိုယ်တိုင် ရောင်းချကြခြင်းရှိသကဲ့သို့ တစ်ချို့မှာ ပွဲစားများမှတဆင့် ရောင်းဝယ်ကြကြောင်းသိရသည်။
"ကိုယ်လယ်ကိုအကွက်ရိုက်ရောင်းတယ်။ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ဒီဘက်မှာ အခုလို အကွက်ရိုက် ရောင်းနေကြတာပဲ။၁ဝပေ ၂ဝပေ။၂ဝပေ ၄ဝပေ အဲလိုအကွက်တွေ ရောင်းတယ်။"ဟု ပုသိမ်ကြီး မြို့နယ်၊ နွယ်ကျေးရွာမှလယ်မြေကို အကွက်ရိုက်ရောင်းချနေသူ ဒေါ်ညွန့်တင်က ပြောသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေ အကွက်ရိုက်ရောင်းချထားသည့် နေရာအများစုတွင် လူနေ အိမ်များတည်ဆောက်ကာ အများစုနေထိုင်နေကြပြီး ဝယ်လက်ရှိပါက အလွယ်တကူ အရောင်းအဝယ် ပြုလုပ်နိုင်ရန် ဖြစ်ကြောင်း သိရသည်။
"အိ်မ်ငှားခ မြင့်လာတယ်။ကုန်စျေးနှုန်းကတက်တယ်။ကျွန်မတို့မိသားစု ပညာရေး ဝန်ထမ်း မိသား စုဖြစ်တယ်။ရှိတာလေးနဲ့စုဝယ် အိမ်လေးဆောက်နေကြတယ်။အခုတော့မြင်တဲ့အတိုင်းပဲ အိမ်တွေ များလာတယ်။"ဟု အထက်တန်းပြဆရာမ တစ်ဦးကပြောသည်။
ထိုသို့ အကွက်ရိုက် ရောင်းနေမှုများနှင့်ပတ်သက်၍ ၂၀၁၉ခုနှစ် နှစ်ဦးပိုင်းက သက်ဆိုင်ရာအဖွဲ့အစည်း များက တားဆီးမှုများ ပြုလုပ်ခဲ့သေးသော်လည်း ယနေ့အချိန်ထိ လယ်ယာမြေအကွက်ရိုက် ရောင်းချ နေမှုများက ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် ဖမ်းဆီးရေးယူမှုများ လုပ်ဆောင်နိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ လယ်ယာမြေ အကွက်ရိုက်ရောင်းချထားမှုကို စာရင်းများကောက်ယူကာ အမြန် ဆုံးအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ဒေါက်တာစိုးသန်းကဆိုသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/