ONE Championshipတွင် ယှဉ်ပြိုင်နေကြသော မြန်မာအားကစားသမားများ၏ သြဂုတ်လအတွင်း ထူးခြားသည့်လှုပ်ရှားမှုများ

ONE Championshipတွင် ယှဉ်ပြိုင်နေကြသော မြန်မာအားကစားသမားများ၏ သြဂုတ်လအတွင်း ထူးခြားသည့်လှုပ်ရှားမှုများ

သြဂုတ်လသည် ONE Championship တွင် မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာကစားသမားများအတွက် ထူးခြားသည့် လတစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် မြန်မာကစားသမားတိုင်းလိုလို ၎င်းတို့ ဘဝအတွက် အမှတ်တရရှိမည့်ရက်များ ရှိခဲ့ကြသည်။ အလားတူ ONE Warrior Series တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကစားသမား နှစ်ဦးစလုံးလည်း နိုင်ပွဲရရှိခဲ့သည်။

သြဂုတ်လသည် မထင်မှတ်ထားသည့် အရာများစွာကိုလည်း သယ်ဆောင်လာခဲ့သည်။ မြန်မာကစားသမားများ၏ သြဂုတ်လအတွင်း လှုပ်ရှားမှုများထဲမှ ထူးခြားပြီး အမှတ်တရဖြစ်စေသည့် အကြောင်းအရာများကို စုစည်းဖော်ပြလိုက်ပါသည်။

၁။ ဖခင်ခြေရာနင်းမည့်သားဟု ထင်ကြေးပေးခံရသည့် အောင်ဒီး

မြန်မာ့ စပါးအုံး အောင်လအန်ဆန်၏ သားဖြစ်သူ အောင်ဒီးသည် အသက် ၄နှစ်အရွယ်သာရှိသေးသော်လည်း ဘရာဇီး ဂျုဂျစ်ဆု သင်တန်းကို တက်ရောက်ခဲ့တဲ့ အတွက် ဖခင်ခြေရာနင်းမည့်သား တစ်ယောက်ဟု ပရိသတ်များ၏ ထင်ကြေးပေးမှုကို ခံခဲ့ရသည်။ အောင်လအန်ဆန်ကိုယ်တိုင်ကလည်း သားဖြစ်သူ အောင်ဒီး၏ ပထမဆုံး ဘရာဇီး ဂျူဂျစ်ဆု သင်တန်းတက်ရောက်မှုကို ဂုဏ်ယူလျက်ရှိသည်။

“ကျွန်တော့်သားလေး ပြိုင်ပွဲကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် အသင့်ဖြစ်နေပြီလို့ထင်တယ်။ သူ့ရဲ့ ဘရာဇီး ဂျူဂျစ်ဆု သင်ယူမှုကို နည်းပြ Bruna " Durinho " Burns နဲ့စတင်နေပါပြီ” ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားခဲ့သည်။

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်သည် ၎င်းကိုယ်တိုင်လည်း တစ်ချိန်ချိန်တွင် မြန်မာနိုင်ငံမှ ကလေးလူငယ်များ စည်းကမ်းပြည့်ဝပြီး အမိန့်နာခံတတ်စေရန်၊ အချင်းချင်း လေးစားတတ်စေရန်၊ သင်ယူမှုများကို အာရုံစိုက်နိုင်ကာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံပညာ သင်တန်းကျောင်းလေး တစ်ခုဖွင့်ချင်ကြောင်း ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

 

၂။ ONE: Century ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရသော ဖိုးသော်

ONE Championship ၏ ၁၀၀ ကြိမ်မြောက် ပြိုင်ပွဲ မှတ်တိုင်တစ်ခုတွင် ပါဝင်ခွင့်ရရှိသည်မှာ ဖိုးသော်အတွက် သြဂုတ်လ၏ အမှတ်ရစရာ ထူးခြားသည့် ဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်။ ၎င်းကိုယ်တိုင်လည်း ၎င်းပြိုင်ပွဲကြီးတွင် ပါဝင်ခွင့်ရခြင်းသည် ဂုဏ်ပြုခံရခြင်းတစ်ခုအဖြစ် ခံယူထားသည်။

“ထုတ်ပြန်လိုက်တဲ့ ပွဲစဉ်ဇယားကို တစ်ချက်လောက်ကြည့်ကြည်ပါ။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပမယ့် ONE: Century I ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခွင့်ရတာ အရမ်းကို ပျော်ဖို့ကောင်းပါတယ်” ဟု ၎င်း၏ ခံစားချက်ကို ဖော်ပြခဲ့သည်။

၃။ ဗီဇာအခက်အခဲကြောင့် Bali MMA သွားဖို့ နောက်ကျခဲ့ရတဲ့ အန်တိုနီယာ

အန်တိုနီယာ၏ သြဂုတ်လ အမှတ်တရဖြစ်ရပ်တစ်ခုကတော့ ဝမ်းသာစရာ သတင်းတစ်ခုတော့ မဟုတ်ချေ။ အင်ဒိုနီးရှားနိုင်ငံ၏ ဗီဇာလုပ်ငန်းစဉ် အချို့ အပြောင်းအလဲ ပြုလုပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံသား ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား အန်တိုနီယာတစ်ယောက် Bali MMA သို့ အချိန်မီ ပြန်မသွားနိုင်ပဲ မြန်မာနိုင်ငံတွင် ရက်အတော်ကြာကြာ နေထိုင်ခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနသည် နိုင်ငံတွင်းနေ နိုင်ငံခြားသားများ၏ ခေါ်စာဖြင့် ၎င်းတို့နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြည်ဝင်ဗီဇာကို ပိတ်ပင်ခဲ့သည့်အတွက် Bali MMA မှ အန်တိုနီယာကို ခေါ်စာပို့ရန် အနည်းငယ် အခက်တွေ့ခဲ့ရသည်။

““ဗီဇာ အခက်အခဲ ဖြစ်နေလို့။ ဟိုဘက်က ခေါ်ပေးမှ ရမယ်လို့ ပြောတယ်။ ခေါ်တဲ့သူကလည်း အင်ဒိုနီးရှား နိုင်ငံသား ဖြစ်ရမယ် ပေါ့နော်။ အရင်တုန်း ကတော့ ဒီအတိုင်းပဲ သွားတာ။ ဟိုဘက်က ဆရာတွေရဲ့ ခေါ်စာနဲ့သွားတာရတယ်။ အခုကျတော့ ဆရာတွေက အင်ဒိုနီးရှား နိုင်ငံသား မဟုတ်တော့ သူ့မူဝါဒ ပြောင်းသွားတဲ့အခါ မရတော့ဘူး။ နည်းနည်း ဒုက္ခရောက် နေတယ်။ အလည်အပတ်ဗီဇာက တစ်လပဲ ရမှာ။ ဝင်လိုက် ထွက်လိုက် ဖြစ်နေမယ်”ဟု အန်တိုနီယာက ရှင်းပြခဲ့သည်။

သို့သော် အန်တိုနီယာသည် စက်တင်ဘာလဆန်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ Bali MMA သို့ ရောက်ရှိခဲ့ပြီး ပုံမှန်လေ့ကျင့်ခန်းများ စတင် ဆောင်ရွက်နေပြီဖြစ်သည်။

၄။ မွန်ပြည်နယ် ရေဘေးအတွက် ဆုတောင်းစကားဆိုခဲ့သည့် တီရဲလ်ထန်

မွန်ပြည်နယ်မှာ ကြုံတွေ့ခဲ့ရတဲ့ မြေပြိုမှု ရေကြီးမှုများဟာ လူသားတိုင်းရဲ့ ရင်ကို ကြေကွဲခြင်း စိတ်မကောင်းခြင်းများစွာ ရိုက်ခတ်စေခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။ ချင်းတိုင်းရင်းသား တီရဲလ်ထန်သည်လည်း မွန်ပြည်နယ်တွင် ခံစားနေရသည့် ရေဘေးဒုက္ခအပေါ် ၎င်း၏ ခံစားချက်ကို ဖွင့်ဟလာခဲ့သည်။

“ဘဝအောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနေစဉ်တွင် ရှုံးနိမ့်ခြင်း၊ စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်း၊ အထင်သေးခြင်း၊ အပယ်ခံရခြင်း စသည့် ထောင်ပေါင်းများစွာသောဒုက္ခများကို ရင်ဆိုင်ရရင်လည်း စိတ်ဓါတ်ကျအရှုံးမပေးပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ကြိုးစားမှုနှင့် လျစ်လျူရှုခြင်းတို့ဖြင့် အနိုင်ယူလိုက်ပါ။ ကြိုးစားအားထုတ်မှုရှိနေသရွေ့ အောင်မြင်မှုဆိုတာကို ပိုင်ဆိုင်နိုင်သေးလို့ပါပဲ။ ဒါကြောင့် ဘယ်တော့မှ ကြိုးစားမှုကို မရပ်တန့်လိုက်ပါနဲ့။ မွန်ပြည်နယ်လည်း အမြန်ဆုံးဘေးကင်းပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။”ဟု ၎င်းက ဆုတောင်း စကားဆိုခဲ့သည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိဳင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ကျင်လည်ကျက်စားလျက်ရှိသည့် ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly