မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိသူများထဲ၌ AA အဖွဲ့၏ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး ပါဝင်နေ

မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိသူများထဲ၌ AA အဖွဲ့၏ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး ပါဝင်နေ
ဓာတ်ပုံ - ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့

မန္တလေး၊ စက်တင်ဘာ ၁၃ ။           ။ မန္တလေးမြို့တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဖမ်းဆီးရမိသူများထဲ၌ AAလက်နက်ကိုင်အဖွဲ့မှ တပ်ကြပ်ကြီး တစ်ဦးနှင့်တပ်သားတစ်ဦးတို့ ပါဝင်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မဇ္ဈိမသို့ပြောသည်။

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၅ ရပ်ကွက်၊ လမ်း ၇၀ ဒဿနလမ်းရှိ အိမ်အမှတ်(က-၅/၇၇)သို့ စက်တင်ဘာလ ၁၀ ရက် နံနက် ၉ နာရီခန့်က ဝင်ရောက်ရှာဖွေရာ AA လက်နက်ကိုင်တပ်အဖွဲ့ဝင် အမျိုးသား နှစ်ဦးနှင့် ဆက်စပ်သူသုံးဦးတို့ကို ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

"လူတွေကတော့ လက်ပူးလက်ကြပ်မိတာပေါ့။လက်ပူး လက်ကြပ်မိတာနဲ့ပတ်သက်ပြီး ဒါကကျွန်တော်တို့က အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုထားတာပေါ့။ ဒါပေမယ့် နောက်ဆက်တွဲဆိုတာကို ကျွန်တော်တို့ သိချင်တာ။ ဘယ်လမ်းကြောင်းက ဝင်သလဲဆိုတာ အတိအကျသိချင်တာ။သယ်လာတဲ့ဟာတွေ ဘာကြောင့်ဆို ကျွန်တော် တို့က နယ်စပ်နဲ့နီးနေတာ မန္တလေးမြို့က။ ကျွန်တော်တို့က ဒီကိစ္စကို အသေးစိတ် သိချင်တာ။ အခုတော့ စုံစမ်း ဆဲပါ။ မိတာတော့မိတယ်။ကျွန်တော်တို့ အချိန်မီ မိတယ်။ပစ္စည်းတွေလည်းမိတယ်။ဒီဟာတွေကို ပို့နေတာ ဒါကတော့ သေချာသွားပြီပေါ့။AA တပ်ကြပ်ကြီးတစ်ဦးပါတယ်။AA တပ်သားတစ်ယောက် ပါတယ်။ ကျန်တာ ကတော့ ကူညီတဲ့သူတွေပေါ့။ဆက်စပ်တဲ့သူတွေပေါ့။ အားလုံးပေါင်း ငါးယောက်ကိုတော့ ကျွန်တော်တို့ တရား စွဲဆိုထားတယ်။စစ်ဆေးဆဲပေါ့။ "ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

၎င်းဖမ်းဆီးရမိထားသူများနှင့်အတူ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ကို ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဒါလုံခြုံရေးနဲ့ ပတ်သက်တာပေါ့။အဲဒါ ပထမ ဆုံးက ဘာတွေပါလည်းဆိုတော့ ဆက်တလိုက်ဖုန်းတွေပါတာပေါ့ဗျာ။ယမ်းတုံးလို့ ယူဆရတာတွေလည်း ပါတာပေါ့ဗျာ။ဒီတိုနေတာပါတယ်။ယမ်းလို့ယူဆရတဲ့ ပစ္စည်းတွေပါတယ်။ဘာပဲ ပြောပြော ဂျီပီအက် နဲ့ ပတ်သက်တဲ့ပစ္စည်းလည်းပါတယ်။ဆိုတော့ ဒါနည်းနည်းလည်း များတယ်။အဲဒီတော့ မိလည်းမိတယ်။အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့တွေ စမ်းစစ်ဖို့တွေ အများကြီးကျန်သေးတယ်။"ဟု ဒေါက်တာ ဇော်မြင့်မောင်ကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်နေဆဲဖြစ်ပြီး လုံခြုံရေး ကိုလည်း ပုံမှန်ထက် တိုးမြှင့်ဆောင်ရွက်နေသည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required