မြန်မာနိုင်ငံတွင် ဘာသာရေးနှိပ်ကွပ်မှုမရှိဟု တပ်ချုပ် ပြောကြား

မြန်မာနိုင်ငံတွင် ဘာသာရေးနှိပ်ကွပ်မှုမရှိဟု တပ်ချုပ် ပြောကြား
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန် ၊ စက်တင်ဘာ ၁၃။              ။ မြန်မာနိုင်ငံတွင် ဘာသာရေးနှိပ်ကွပ်မှုမရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆန်ဆွမ်နှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်ကြီးအောင်ရိပ်သာဧည့်ခန်းမဆောင် ၌ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌသိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆန်ဆွမ်နှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆန်ဆွမ် တွေ့ဆုံစဉ်ပြောကြားမှုများနှင့် ပတ်သက်၍ ဒေါက်တာခလမ်ဆန်ဆွမ်ကို ဥပဒေအရ အရေးယူပေးရန် တပ်မတော်ဘက်က တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သော်လည်း စက်တင်ဘာ ၉ ရက်နေ့တွင် အမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထိုသို့ အမှုရုပ်သိမ်းပြီးနောက် သုံးရက်အကြာတွင် ဒေါက်တာခလမ်ဆန်ဆွမ်နှင့် အဖွဲ့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် တရားစွဲဆိုမှုအား ရုပ်သိမ်းပေးခဲ့သည့်အပေါ် KBC ဘက်မှ ဝမ်းသာကြောင်း ၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်အမြန်ဆုံးထိုးပြီး စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရန်လိုအပ်ကြောင်း ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ဘက်မှ  ထုတ်ပြန်ထားသည်။

“တရားစွဲဆိုမှုအား ရုပ်သိမ်းပေးခဲ့ခြင်းသည် တပ်မတော်၏ ပြောင်းလဲလာမှုကို တစ်ကမ္ဘာလုံး လက်တွေ့ မြင်တွေ့နိုင်ပါတယ်။ တပ်မတော်အနေနဲ့ စိတ်ရှည်သည်းခံတတ်ပြီး၊ နိုင်ငံသားအားလုံး၏ ထောက်ခံမှုရအောင် လုပ်ဖို့လိုအပ်တယ်” ဟု ဒေါက်တာခလမ်ဆန်ဆွမ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဘာသာရေးနှင့်ပတ်သက်ပြီး ကိုးကွယ်သည့်ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပြီး ဖြစ်သည့်အတွက် ဘာသာရေးအကြောင်းပြကာ မလိုလားအပ်သည့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများ မဖြစ်စေလိုကြောင်း ကာကွယ်ရေးဦးစီးချုပ်ဘက်မှ ပြောဆိုခဲ့သည်ဟု တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ဘာသာရေးဖိနှိပ်မှုများ ပြုလုပ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် နိုင်ငံတကာမှ ဝေဖန်မှု မြင့်တက်နေချိန်တွင် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်  ပြည်တွင်းရှိ ဘာသာရေးအဖွဲ့အစည်းများသို့ သွားရောက် လှူဒါန်းခြင်းများကို ပြုလုပ်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၁ ရက်နေ့က မန္တလေးသို့ ရောက်ရှိ နေစဉ်အတွင်း ဂျွန်းဗလီအခြေခံ ဘာသာရေးကျောင်း ၊ မစိုးရိမ် တိုက်ဟောင်း ၊ ဖာသာလဖုန်း ခရစ်ယာန် ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်းများ ရှိနေခဲ့သည်။

ယင်းသို့လှူဒါန်းခြင်းများနှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သော်လည်း တပ်မတော်ဘက်ကမူ တိုင်းပြည်အတွင်း စည်းလုံးညီညွတ်မှုရှိရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြန်လည်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required