ပဲခူးမြစ်ရေ မြို့တွင်းဝင်ရောက်လာ၍ ရေဘေးကယ်ဆယ်ရေးစခန်း ၂၃ ခု ဖွင့်လှစ်

ပဲခူးမြစ်ရေ မြို့တွင်းဝင်ရောက်လာ၍ ရေဘေးကယ်ဆယ်ရေးစခန်း ၂၃ ခု ဖွင့်လှစ်
  ဓာတ်ပုံ- Bago Region Government

ရန်ကုန်၊ စက်တင်ဘာ ၂၃ ။          ။ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ် ကျော်ကာ မြို့တွင်း ရေဝင်လာ၍ ကယ်ဆယ်ရေးစခန်း ၂၃ ခု ဖွင့်လှစ်ထားကြောင်း ပဲခူးတိုင်းအစိုးရမှ ထုတ်ပြန်သည်။

ပဲခူးမြို့၏ စိုးရိမ်အမှတ်မှာ ၈၈၀ စင်တီမီတာဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ  ၉၁၅ စင်တီမီတာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လက်ရှိတွင် ကျွန်းသာယာရပ်ကွက် ထူးဆီဆိုင်ရှေ့ ရန်ကုန်-မန္တလေး ကားလမ်းမကြီးနှင့် မဇင်းရပ်ကွက် ရွှေသာလျောင်းဘုရားလမ်း၊ မဇင်း(၁)လမ်းထိပ်တို့တွင် ရေကျော်လျှက်ရှိသောကြောင့် ဇိုင်းဂနိုင်တောင်ပိုင်း ရပ်ကွက်တွင် ကယ်ဆယ်ရေးစခန်း ၃ ခု၊ ကျွန်းသာယာရက်ကွက်တွင် ကယ်ဆယ်ရေးစခန်း ၆ ခု၊ ကလျာဏီရပ်ကွက်တွင် ၂ ခု၊ ရွာသစ်ရပ်ကွက်တွင် ၁ ခု၊ မဇင်းရပ်ကွက်တွင် ၄ ခု၊ ကျောက်ကြီးစုရပ်ကွက်တွင် ၃ ခု၊ မြို့သစ်ရပ်ကွက်တွင် ၃ ခု၊ ဘုရားကြီးမြို့တွင် ၁ ခု စုစုပေါင်း စခန်း ၂၃ ဖွင့်လှစ်ထားသည်ဟု သိရသည်။

အဆိုပါ ရေဘေးရှောင်စခန်း ၂၃ ခု၌ အိမ်ထောင်စု ၂၈၃၇ စု၊ လူဦးရေ ၁၃၈၃၅ ဦး စက်တင်ဘာ ၁၂ ရက်နေ့ စာရင်းအရ ယာယီခိုလှုံနေထိုင်လျှက်ရှိကြောင်း ပဲခူးတိုင်းအစိုးရမှ စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

ရေဘေးရှောင်များ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သန့်ရှင်းရေးကိစ္စများအတွက်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီများနှင့် ပေါင်းစပ်ညှိနိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရေဘေးရှောင်ပြည်သူများအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံ ဓမ္မဗိမာန်တွင် ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေး စီမံခန့်ခွဲမှုကော်မတီဗဟိဌာနအဖြစ် ဖွင့်လှစ်ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly