ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားဖြင့် အဓိပ္ပါယ်ရှိသည့် ဘဝရပ်တည်မှုကို ရှာတွေ့ခဲ့သည့် စိုင်းဉာဏ်လင်း

ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားဖြင့် အဓိပ္ပါယ်ရှိသည့် ဘဝရပ်တည်မှုကို ရှာတွေ့ခဲ့သည့် စိုင်းဉာဏ်လင်း

Team PT Gym မှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား စိုင်းဉာဏ်လင်းသည် လက်ရှိတွင် ONE Warrior Series ၌ မြန်မာနိုင်ငံကိုယ်စားပြု ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသည်။ ယင်းကဲ့သို့ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွင် နေရာတစ်ခုရရှိရန် စိုင်းဉာဏ်လင်းသည် အပြင်းအထန်ကြိုးစားခဲ့ရပြီး လက်ရှိတွင် ကြိုးစားမှု၏ အသီးအပွင့်များကို စတင်ခံစားနေရခြင်းဖြစ်သည်။

စိုင်းဉာဏ်လင်းသည် ၎င်း၏ ကိုယ်ခံပညာ အားကစားသမား ဘဝကို ကရာတေး အားကစားနည်းဖြင့် စတင်ခဲ့ပြီး ကရာတေးအားကစားနည်းတွင် တိုင်းနှင့်ပြည်နယ် လက်ရွေးစင်အဆင့် မှစ၍ နိုင်ငံလက်ရွေးစင်အဆင့်အထိ ရောက်ရှိလာအောင် အစွမ်းကုန် ကြိုးစားခဲ့ရသည်။

၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၉ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအပြီးတွင်  ကရာတေး အားကစားသမားအဖြစ် အနားယူခဲ့ပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကထဲသို့ ခြေစုံပစ်ဝင်ခဲ့သည်။

"ကရာတေး ကစားနေကတည်းက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းကို စိတ်ဝင်စားနေတာပါ။ နိုင်ငံတကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲစဉ်တွေ ကြည့်ဖြစ်တယ်။ ဒါပေမဲ့  ဆီးဂိမ်းပြီးတဲ့အထိ နိုင်ငံအတွက် ကစားပေးမယ်ဆိုပြီး ဆက်ကစားခဲ့တယ်။ ဆီးဂိမ်းအပြီးမှာတော့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကို ပရော်ဖက်ရှင်နယ် ကစားဖို့ ဆုံးဖြတ်လိုက်တာ" ဟု စိုင်းဉာဏ်လင်း က ပြောသည်။

အဆိုပါ အပြောင်းအလဲသည် စိုင်းဉာဏ်လင်းအတွက် လွယ်ကူသော ကိစ္စမဟုတ်ခဲ့ပေ။ ပို၍ ပြင်းထန်သော လေ့ကျင့်ရေး အစီအစဉ်များကို ပြုလုပ်ခဲ့ရသလို ကရာတေး အားကစားထက် ပိုမိုသော တိုက်ကွက်များအတွက် ကိုယ်ခံပညာရပ် အသစ်များကို လေ့လာ သင်ယူခဲ့ရသည်။

"ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းကျတော့ ကိုယ်ခံပညာပေါင်းစုံ အသုံးပြုတိုက်ခိုက်ရတာဆိုတော့ ပညာရပ်ပေါင်းစုံကို လေ့လာသင်ယူရတယ်။ အထူးသဖြင့် နပမ်း အားကစားနည်းတွေ၊ ချုပ်ကွက်တွေ သင်ယူရတယ်။ ကိုဖိုးသော်က သေချာသင်ပြပေးခဲ့ပါတယ်" ဟု ၎င်းကဆိုသည်။

ပြိုင်ပွဲဝင်နိုင်သည့် အဆင့်ရောက်လာချိန်တွင်လည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ အဖွင့်ပွဲများတွင် အရှုံးရလဒ်များဖြင့် စိုင်းဉာဏ်လင်း ရင်ဆိုင်ခဲ့ရသည်။ ပွဲဦးထွက် နှစ်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် စိုင်းဉာဏ်လင်း စိတ်ပျက်အားငယ်ခဲ့ရသည့် အခိုက်အတန်များစွာ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

သို့သော် စိုင်းဉာဏ်လင်းသည် အထက်ပါ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ပြီးနောက် ၎င်း၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပြိုင်ပွဲ ၃ ကြိမ်မြောက်နိုင်ပွဲ စတင်ရရှိခဲ့သည်။ စိုင်းဉာဏ်လင်းသည် ဇွန်လ ၂၀ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် One Warrior Series 6 ပြိုင်ပွဲကြီးတွင် ထိုင်းအားကစားသမား Peter Danasoe ကို အနိုင်ရယူနိုင်ခဲ့ပြီး ပထမဆုံး ပရော်ဖက်ရှင်နယ်နိုင်ပွဲ ရရှိခဲ့သည်။

" ဒီနိုင်ပွဲကြောင့် ခွန်အားတွေဖြစ်ခဲ့တယ်။ နောက်ထပ်ပွဲစဉ်တွေ အများကြီးယှဉ်ပြိုင်ဖို့ အားရှိလာတယ်။ ကျွန်တော်က ကိုယ်ခံပညာ အားကစားကို အရမ်းကြိုက်နှစ်သက်တယ်။ ဒီအားကစားနည်းနဲ့ နိုင်ငံဂုဏ်တက်အောင် လုပ်ဆောင်နေရတာ ကျွန်တော့်အတွက် အရမ်း အဓိပ္ပါယ်ရှိပါတယ်"  ဟု စိုင်းဉာဏ်လင်းက ပြောကြားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly