9/11 အကြမ်းဖက်တိုက်ခိုက်မှု ၁၈ နှစ်ပြည့် အခမ်းအနား အမေရိကန်မှာ ကျင်းပ

By AFP
11 September 2019
9/11 အကြမ်းဖက်တိုက်ခိုက်မှု ၁၈ နှစ်ပြည့် အခမ်းအနား အမေရိကန်မှာ ကျင်းပ
Photos: AFP

စက်တင်ဘာ ၁၁

လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှုဟာ စက်တင်ဘာ ၁၁ ရက်မှာ ဆိုရင် ၁၈ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ အကြမ်းဖက်မှုကြောင့် သေဆုံးသွားကြသူတွေကို ပြန်ပြောင်း သတိရရင်းနဲ့ စက်တင်ဘာ ၁၁ ရက်မှာတော့ ယင်း တိုက်ခိုက်မှု ၁၈ နှစ်ပြည့်နှစ်ပတ်လည်  အခမ်းအနားကို အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မှာ ကျင်းပပါတယ်။

နယူးယော့ခ်မြို့က Ground Zero မှာတော့ အဆိုပါ အကြမ်းဖက်မှုအတွင်း သေဆုံးသွားတဲ့ လူပေါင်း ၃,၀၀၀ နီးပါးလောက်အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပါတယ်။

ယင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေ၊ ရဲဝန်ထမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြို့မိမြို့ဖ ကတော့ အမေရိကန်မြေပေါ်မှာ လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုကြီး ၁၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၁  အမျိုးသား အထိမ်းအမှတ်နေရာမှာ စုဝေးခဲ့ကြပါတယ်။

ယင်းနောက် အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲလာတဲ့ လေယာဉ်တွေ မြောက်နဲ့ တောင် ကုန်သွယ်ရေး တာဝါ နှစ်လုံးကို ဝင်တိုက်ခဲ့တဲ့ အချိန်တွေဖြစ်တဲ့ မနက် ၈ နာရီ ၄၆ မိနစ်နဲ့ ၉ နာရီ ၃ မိနစ်တို့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ခေတ္တ ငြိမ်သက်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီး မယ်လာနီယာ ထရမ့်တို့ကတော့ အကြမ်းဖက်မှုအတွင်း သေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေ၊ အသက်ရှင်လွတ်မြောက်လာသူတွေကို အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံခဲ့ပြီး ယင်းနောက် အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ခေတ္တ ငြိမ်သက်မှု အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ယင်းနောက် ထရမ့်က ပင်တဂွန်ဆီ ဆက်လက်သွားရောက်ပြီး ယင်းမှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

ယင်းအကြမ်းဖက်ဖြစ်စဉ်မှာ အယ်လ်ကိုင်ဒါတွေက လေယာဉ် လေးစင်းကို ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။နှစ်စင်းကတော့ ကုန်သွယ်ရေး တာဝါနှစ်လုံးကို ဝင်တိုက်ပြီး တတိယတစ်စင်းကတော့ ပင်တဂွန် ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စတုတ္ထမြောက် လေယာဉ်ကတော့ လေယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ ကြိုးပမ်းခုခံမှုကြောင့် ပင်ဆယ်လ်ဗေးနီးယားပြည်နယ် လယ်ကွင်းတစ်ခုထဲ ပျက်ကျသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly