ကိုကို အငယ်နဲ့ ကိုကို အကြီး လုပ်တာလို့ ဗစ်တိုးရီးယား ထွက်ဆို

ကိုကို အငယ်နဲ့ ကိုကို အကြီး လုပ်တာလို့ ဗစ်တိုးရီးယား ထွက်ဆို

နေပြည်တော်(စက်တင်ဘာ ၁၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်ရှိ ဗစ်တိုးရီးယားအမှု ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် အဓိက သက်သေဖြစ်သော ကာယကံရှင်ကလေးငယ်က သူ့ကို ပြုလုပ်သူသည် ကိုကို အငယ်နှင့် ကိုကို အကြီးတို့ဖြစ်ကြောင်း တရားရုံးတွင် ယနေ့ ထွက်ဆိုသွားသည်ဟု နှစ်ဖက်ရှေ့နေများက ပြောကြားသည်။

“ကိုကို အငယ်လို့ ပြောတယ်။ ကိုကို အငယ်က သူ့ရဲ့ ရင်ဘတ်ကို ထုတယ်ပေါ့။ ကိုကို အကြီးကတော့ သူ့ရဲ့ ဖင်ဘုကို ဆိတ်တယ်ပေါ့။ အဲ့ဒီလိုမျိုး ကလေးလေးက ထွက်(ဆို)သွားတာ” ဟု တရားလိုရှေ့နေ တစ်ဦးဖြစ်သူ ဒေါ်ရွက်နုအောင်က တရားခွင်အပြီးတွင် မီဒီယာများကို ပြောသည်။

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင် ကျောင်းတက်နေသည့် အသက် သုံးနှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး ဒက္ခိဏခရိုင်တရားရုံးတွင် ခြောက်ကြိမ်မြောက် ရုံးချိန်းအဖြစ် ကာယကံရှင်ကလေးငယ်ကို စက်တင်ဘာ ၁၁ရက်က ဗီဒီယိုကွန်ဖရန်းဇင်း(Video Conferencing)စနစ်ဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယနေ့စစ်ဆေးခဲ့သော ဗီဒီယိုကွန်ဖရန်းဇင်းစနစ်၏ ပုံစံမှာ ကလေးကစားကွင်းသဖွယ် ပြုလုပ်ထားသည့် တရားရုံး၏ သီးသန့်အခန်းတစ်ခုအတွင်း ကလေးငယ်ကို သူ၏ အဒေါ်ဖြစ်သူနှင့် ခရိုင်တရားရုံးမှ အရာရှိ အမျိုးသမီးတစ်ဦးတို့ကိုသာ သီးသန့်ထားသည်။

တရားခွင်အတွင်းတွင်မူ တရားသူကြီးများနှင့် နှစ်ဖက်ရှေ့နေများက သီးသန့်အခန်းအတွင်း ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကို ကြည့်ကာ  ၎င်းတို့ မေးမြန်းလိုသည်များကို သီးသန့်ခန်းအတွင်းရှိ အရာရှိ အမျိုးသမီးကတစ်ဆင့် မေးမြန်းရခြင်း ဖြစ်သည်။

ယနေ့ တရားခွင်အတွင်းသို့ တရားသူကြီးနှစ်ဦး၊ နှစ်ဖက်ရှေ့နေများနှင့် ကလေးငယ်၏ အဖေနှင့် အမေတို့ကိုသာ ဝင်ခွင့်ပြုထားပြီး သတင်းမီဒီယာများ အပါအဝင် အများပြည်သူကိုပါ ဝင်ခွင့်မပေးဘဲ တရားခွင်ကို တံခါးပိတ်ထားသည်ကိုလည်း မြင်တွေ့ရသည်။

ဖမ်းဆီးခံထားရသည့် သံသယတရားခံ အောင်ကြီးကိုမူ ကလေးငယ်က သူမသိကြောင်း ထွက်ဆိုသွားသည်ဟု အောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်ကလည်း တရားခွင်အပြီးတွင် ပြောဆိုသွားသည်။

“ပုံတွေပြပြီး မေးတာနော်။ ဗီဒီယိုဖိုင်တွေ ပြပြီး မေးတာနော်။ ကိုအောင်ကြီးနဲ့ ပတ်သက်ပြီး ငြိစွန်းတာ တစ်ခုမှ ထွက်(ဆို)မသွားဘူး” ဟု ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကလည်း “ဆရာမ နှင်းနုက ဖင်ဖုကို ရေဆေးပေးတယ်။ ဘယ်နေရာ အစ ကလေးက လက်နဲ့ ကိုင်ပြတယ်။ အဲ့လောက်အထိ ကလေးက ဉာဏ်ကောင်းတယ်။ ဖုဘုက ဘယ်နေရာလဲ၊ ဖင်ဘုဆို နှစ်မျိုး သိတယ်။ ရှူရှူးပေါက်တဲ့ ဖင်ဘုဆိုတာ သိတယ်။ သူ ပြောပြတယ်” ဟု တရားခွင်အပြီးတွင် ရှင်းပြသည်။

ကလေးငယ် အနေဖြင့် မေးခွန်းများကို တက်တက်ကြွကြွ ဖြေဆိုနိုင်ပြီး ဉာဏ်စမ်းအဖြစ် အရောင်များကို ခွဲခြားခိုင်းခြင်း၊ မနက်စာစားခဲ့သည်များကို မေးမြန်းခြင်းနှင့် မြန်မာလို တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး အင်္ဂလိပ်လို ဝမ်း၊ တူး၊ သရီး အစရှိသဖြင့် မေးမြန်းရာတွင်လည်း အားလုံးကို မှန်ကန်အောင် ဖြေကြားနိုင်သည်ဟုလည်း နှစ်ဖက်ရှေ့နေများက ပြောကြားသည်။

ယခုနှစ်၊ မေလ ၁၆ရက်က နေပြည်တော်၊ Wisdom Hill မူကြိုကျောင်းတွင် ကျောင်းတက်နေသော ထိုစဉ် အသက် သုံးနှစ်မပြည့်သေးသည့် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအတွက် ကလေးငယ်၏ မိခင်ဖြစ်သူက အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ရဲတပ်ဖွဲ့က နှစ်လနီးပါးကြာ စုံစမ်း၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သူ အသက် (၂၉)နှစ်အရွယ် အောင်ကျော်မျိုး(ခ) အောင်ကြီး ဆိုသူကို သံသယတရာားခံအဖြစ် ဖမ်းဆီးထားသည်။

အောင်ကြီး၏ ဖခင်ဖြစ်သူက “ရှေ့နေတွေ ပြန်ထွက်လာတဲ့အချိန်မှာ သိရတာက ကလေးက အောင်ကြီးကို မသိဘူးပေါ့။ ကလေးက ကိုကိုနှစ်ယောက်ကို ပြတယ် ပြောတယ်။ ဖခင်တစ်ယောက်အနေနဲ့ ဦးရဲ့သား မဟုတ်တဲ့အတွက် အရမ်းလည်း ဝမ်းသာပါတယ်။ ကျွန်တော့သား မဟုတ်တဲ့အတွက် ဒီအချုပ်အနှောင်များမှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်” ဟု ယနေ့ တရာခွင်အပြီးတွင် ပြောဆိုသွားသည်။

ခုနှစ်ကြိမ်မြောက်အဖြစ် လာမည့် ရုံးချိန်းကို ယခုလ ၂၄ရက်တွင် ပြန်လည် ချိန်းဆိုထားပြီး ထိုရုံးချိန်းတွင် စီစီတီဗီမှတ်တမ်းနှင့်ပတ်သက်ပြီး စစ်ဆေးသွားမည် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required