စားသုံးသူအခွင့်အရေးချိုးဖောက်ခံရမှု အများအပြားရှိနေသော်လည်း တိုင်ကြားမှုနည်းပါးနေ

စားသုံးသူအခွင့်အရေးချိုးဖောက်ခံရမှု အများအပြားရှိနေသော်လည်း တိုင်ကြားမှုနည်းပါးနေ

စက်တင်ဘာ ၁၁၊ ရန်ကုန် ။          ။ စားသုံးသူအခွင့်အရေးချိုးဖောက်ခံရမှုများ အများအပြားရှိနေသော်လည်း တိုင်ကြားမှုနည်းပါးနေသေးကြောင်း မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

“တကယ်တမ်း ထိခိုက်သွားလို့ တိုင်တဲ့အဆင့်ရောက်ဖို့ဆိုတာကကျွန်တော်တို့ဆီမှာ လေးရာခိုင်နှုန်း၊ ငါး ရာခိုင်နှုန်း လောက်ပဲရှိတယ်။ အဲ့လိုဖြစ်နေတယ်။ အဲ့ဒါလက်ရှိအခြေအနေပေါ့။ တိုင်ဖို့အတွက်တော့ တော်တော် လေးအားနည်းသေးတယ်” ဟု ၄င်းက ပြောသည်။

Food Safety Forum 2019 အတွက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

စားသုံးသူကာကွယ်ရေးဥပဒေသစ်ကို ၂ဝ၁၉ ခုနှစ်၊ မတ်လတွင် အတည်ပြုထားပြီး ၄င်းဥပဒေသည် ရဲအရေးပိုင် ဥပဒေဖြစ်သောကြောင့် စားသုံးသူအခွင့်အရေးချိုးဖောက်မှုများကို ပိုမိုမြန်ဆန်စွာ အရေးယူနိုင်မည်ဖြစ်ကြောင်း မြန်မာစားသုံးသူများသမဂ္ဂက ပြောသည်။

စားသုံးသူအခွင့်အရေးချိုးဖောက်ခံရမှုအတွက် တိုင်ကြားရာတွင် ထိရောက်စွာအရေးယူနိုင်စေရေး အချက် အလက်အထောက်အထားပြည့်စုံစွာတိုင်ကြားရမည်ဖြစ်ပြီး လက်ရှိတိုင်ကြားလာမှုများမှာ အချက်အလက် အထောက်အထားခိုင်မာမှု အားနည်းနေသေးကြောင်း သိရသည်။

“ကျွန်တော်တို့ကို တကယ်တမ်းတရားဝင် အရေးယူလို့ရမယ့်အဆင့်ကို တိုင်နိုင်တာသည် တစ်နှစ်တာ ကာလမှာ တစ်ရာကျော်ကျော်ပဲရတယ်။ အဲ့ဒီတစ်ရာကျော်ကျော်တောင်မှ ကျွန်တော်တို့က တိုင်တဲ့သူတွေရဲ့ တိုင်ကြားမှုကို ပြည့်စုံလို့ရှိရင် ငွေကျပ်သုံးထောင်ကို တိုင်တဲ့ဖုန်းနံပတ်ထဲ သုံးထောင်ထည့်ပေးတယ်။ အဲ့ဒါကို ကျွန်တော်တို့ ဒါကိုတစ်နှစ်သတ်မှတ်ထားတာ။ အခုသြဂုတ်မှာပြည့်တယ်။ ဒါပေမယ့် အောက်တိုဘာအထိ ထပ်တိုးပေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည့်စုံအောင် မတိုင်ကြဘူး။ တိုင်လိုက်တဲ့အခါ ရလာမယ့် ရလဒ်ကို မမျှော်လင့်ရဲကြဘူး။ တိုင်လိုက်လို့ ဖြေရှင်းပေးမယ့်အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှု အားနည်းတယ်” ဟု ၄င်းက ပြောသည်။

မြန်မာစားသုံးသူများသမဂ္ဂသည် ကုန်စည်ဝန်ဆောင်မှုများ သုံးစွဲစားသုံးရာ၌ စားသုံးသူများ ကြုံတွေ့နေရသည့် နစ်နာမှုများအတွက် ဝိုင်းဝန်းဖြေရှင်းပေးရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂ဝ၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စားသုံးသူများအနေဖြင့် အခွင့်အရေးချိုးဖောက်ခံရမှုများ၊ နစ်နာမှုများကို ပိုမိုတိုင်ကြားလာစေရန် လူကိုယ်တိုင် တိုင်ကြားမှုအပြင် ဝဘ်ဆိုက်၊ မိုဘိုင်း အပ်ပလီကေးရှင်းများမှတစ်ဆင့် တိုင်ကြားနိုင်စေရန်လည်း ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့အပြင် စားသုံးသူအခွင့်အရေးချိုးဖောက်ခံရမှုအတွက် စားသုံးသူရေးရာဦးစီးဌာန www.doca. gov.mm/ complaint၊ မြန်မာစားသုံးသူများသမဂ္ဂ http://myanmarconsumersunion.org/.../consumer-complaint.../ များတွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required