ကွင်းထဲပြေးဝင်ခဲ့သည့် ပရိသတ်တစ်ဦးကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒဏ်ကြေးပြင်းပြင်းထန်ထန် ပေးဆောင်ရဖွယ်ရှိ

ကွင်းထဲပြေးဝင်ခဲ့သည့် ပရိသတ်တစ်ဦးကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒဏ်ကြေးပြင်းပြင်းထန်ထန် ပေးဆောင်ရဖွယ်ရှိ
ဓာတ်ပုံ - သူရ ( မဇ္စျိမ )

ရန်ကုန်၊ စက်တင်ဘာလ ၁၁ ။          ။ ဂျပန်လက်ရွေးစင်အသင်းနှင့် မြန်မာအသင်းတို့ပွဲစဉ်တွင် ဘောလုံးကွင်းအတွင်း ဝင်ပြေးခဲ့သော မြန်မာပရိသတ် တစ်ဦးကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဒဏ်ငွေပြင်းပြင်းထန်ထန် ချမှတ်ခံရဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာမီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က မဇ္စျိမသို့ ပြောသည်။

၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲအုပ်စု(စ) ပွဲစဉ်ဖြစ်သော မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ပွဲစဉ်ကို စက်တင်ဘာ လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅ဝမိနစ်အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲကစားချိန် မိနစ် ၄၀ အရောက်တွင် မြန်မာပရိသတ်တစ်ဦးက ကွင်းထဲသို့ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။

"ပရိသတ်က ကွင်းထဲဝင်တာဖြစ်တဲ့အတွက် အာရှဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ စည်းကမ်းထိမ်းသိမ်းရေး ထိုင်လိမ့်မယ်။ထိုင်ပြီးရင်တစ်စုံတရာပြစ်ဒဏ်ချမှတ်လိမ့်မယ်။ ငွေဒဏ် နဲ့ ကွင်းပိတ် နှစ်ခုပါ။ များသောအားဖြင့် ငွေဒဏ် ချမှတ်တယ်။ ငွေဒဏ်က ဒေါ်လာ ငါးထောင် ကနေ ဒေါ်လာ နှစ်သောင်း အထိ ချမှတ်လို့ရတယ်။ ကွင်း ပိတ်တာတော့မရှိလောက်ဘူး ဒဏ်ငွေကိုတော့ ပြင်းပြင်းထန်ထန်ချမှတ်လောက်တယ် " ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ မီဒီယာမီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက် ကမဇ္စျိမသတင်းဌာန ကိုအတည်ပြုပြောကြား သည်။

ကွင်းထဲသို့ပြေးဝင်လာသည့် ပရိသတ်အမျိုးသားသည် သူ့၏ ခန္ဓာကိုယ်ပေါ်တွင် အပေါ်ပိုင်းအဝတ်ဗလာနှင့် ပြေး ဝင်လာခြင်းဖြစ်ပြီး ကွင်းလယ်နီးပါးအရောက်တွင် မြန်မာ့လက်ရွေးစင်အသင်းမှ ကစားသမားများက နားချ၍ ကွင်းအပြင်သို့ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

"မနေ့က ဖြစ်ဖြစ်ချင်းပဲ သူကိုသင်္ဃန်းကျွန်းရဲစခန်းက ခေါ်သွားတယ်။ ရဲစခန်းမှ ထိန်းသိမ်းထားတယ်။ အခု ဒီမနက် နောက်ဆုံးသိရတာက သူကို တရားရုံးကို ခေါ်ထုတ်သွားပြီလို့သိရတယ်"ဟုဦးဇော်မင်းထိုက် က ထပ်မံပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဆိုပါပရိသတ်ကို ဒဏ်ငွေ သို့မဟုတ် ကွင်းအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ခြင်း စသည့် အရေးယူမှုများ ပြုလုပ်မည်ဟုသိရပြီး မည်သို့ အရေးယူမည်ကို ဆက်လက်သတင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လက်ရှိတွင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်တိုင်ပင်နေကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့က ကစားခဲ့သည့် မြန်မာအသင်းနှင့်ဂျပန်အသင်းတို့ပွဲစဉ်သို့ လာရောက်ကြည့်ရူသူ ၂၆၅၀၀ ဦး အထိရှိခဲ့ပြီး ကွင်းအတွင်း၊အပြင်တွင် လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ ပြင်ပလုံခြုံရေးအဖွဲ့အစည်းများ ၊ လုပ်အားပေး တို့ဖြင့် လုံခြုံရေးအင်အား စုစုပေါင်း ၁၄၀၀ ကျော်ခန့် ချထား ခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly