ဘာသာရေးအကြောင်းပြုပြီး မလိုလားအပ်သည့်စွမ်းဆောင်မှုများ ဖြစ်မလာရန်လိုဟု တပ်ချုပ်ဆို

ဘာသာရေးအကြောင်းပြုပြီး မလိုလားအပ်သည့်စွမ်းဆောင်မှုများ ဖြစ်မလာရန်လိုဟု တပ်ချုပ်ဆို
(ဓာတ်ပုံ - မမြတ်နိုး)

မန္တလေး၊ စက်တင်ဘာ ၁၁ ။         ။ ဘာသာရေးကို အကြောင်းပြုပြီး မလိုလားအပ်သည့် စွမ်းဆောင်မှုများ ဖြစ်မလာရန်လိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၁ ရက် (ယနေ့ )နံနက်ပိုင်းက ဂျွန်းဗလီအခြေခံဘာသာရေးကျောင်းသို့ အလှူငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များနှင့် စေတနာရှင်ပြည်သူများမှ ဂျွန်းဗလီအခြေခံဘာသာရေး ကျောင်းသို့ အလှူငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို ပေးအပ်လှူဒါန်းခြင်း ဖြစ်သည်။

"အခြေခံဥပဒေမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာကတော့ မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ ဘာသာပါ။ လူဦးရေရဲ့ ၈၇ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာကိုးကွယ်တယ်။ သို့သော်လည်းပဲ ခရစ်ယာန်ဘာသာ ကိုးကွယ် တဲ့သူတွေ ၊ အစ္စလာမ်ဘာသာကိုးကွယ်တဲ့သူတွေ၊ ဟိန္ဒူဘာသာကိုးကွယ်တဲ့သူတွေ ၊ နတ်ကိုးကွယ်တဲ့သူတွေ စသဖြင့် ဒီပုဂ္ဂိုလ်တွေကို ကိုးကွယ်တာဟာ ကိုးကွယ်ရာ အသီးသီးပဲ ။ ကျွန်တော်တို့က ကိုးကွယ်ရာ ဘာသာ အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်တယ် ။နိုင်ငံသူနိုင်ငံသားတွေက မိမိတို့ ကိုးကွယ်ရာဘာသာအလိုက် လွတ် လွတ်လပ်လပ် ကိုးကွယ်ပိုင်ခွင့်ရှိပါတယ်။ ဘာမှ အားငယ်စရာမရှိပါဘူး။ သို့သော်လည်း ဘာသာရေးကို အကြောင်းပြုပြီးတော့မှ တခြားမလိုလားအပ်တဲ့ စွမ်းဆောင်မှုတွေ ဖြစ်မလာဖို့ လိုပါတယ်။ ဒါဘယ်ဘာသာ မဆို ဖြစ်ပါတယ်။"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံ၏ ကောင်းရာ ကောင်းကျိုး လုပ်ငန်းများ လုပ်ဆောင်ရန်တာဝန်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည် ။

"မြန်မာနိုင်ငံမှာ နေတယ် ။ မြန်မာပြည်မှာ နေတယ်။ မြန်မာနိုင်ငံရဲ့ အရိပ်အာဝါသအောက်မှာ နေကြပြီးတော့ မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ ကောင်းရာကောင်းကျိုးအားလုံးကို လုပ်ဖို့ တာဝန် ရှိတယ်။ ကျွန်တော်တို့ပဲ တာဝန်ရှိတာမဟုတ်ဘူး နိုင်ငံမှာနေတဲ့ လူတိုင်းအားလုံးမှာ တာဝန်ရှိ တယ်။ ကျွန်တော်တို့ အားလုံးက လုပ်တဲ့ကိုင်တဲ့နေရာမှာ ကိုယ့်ဒေသ ကိုယ့်တိုင်းပြည် တိုးတက်အောင် လုပ်မယ် ဆိုတဲ့ တူညီတဲ့စိတ်ဓာတ်တွေနဲ့ ညီညီညွှတ်ညွှတ် လုပ်ဖို့လိုတယ်။ လုပ်စေချင်တဲ့ အတွက်ကြောင့် လည်း ခင်ဗျားတို့ကို လာတွေ့တာပါ။"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည် ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးမြို့သို့ ရောက်ရှိစဉ် မစိုးရိမ် တိုက်ဟောင်း ၊ ဖာသာလဖုန်း ခရစ်ယာန်ကျောင်းတို့တွင်လည်း တွေ့ဆုံလှူဒါန်းမှုများပြုလုပ်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required