သုံးဆယ်ဆည်ရေပိုလွှဲ ရေကျော်ခြင်းကြောင့် မြို့အတွင်းရေကြီးနစ်မြှုပ်မှုများဖြစ်နေ

သုံးဆယ်ဆည်ရေပိုလွှဲ ရေကျော်ခြင်းကြောင့် မြို့အတွင်းရေကြီးနစ်မြှုပ်မှုများဖြစ်နေ
Credit Sayar Thaw Zin Facebook

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ။           ။ ပဲခူးတိုင်းအနောက်ခြမ်း သုံးဆယ်ဆည်၏ ရေပိုလွှဲမှ ရေကျော်ခြင်းကြောင့် သုံးဆယ်ချောင်းနှင့်ဆက်စပ်နေသည့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်နေသည်ဟု သာယာဝတီမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မူမူခင်က မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

“အနိမ့်ပိုင်းတွေမှာ ရေတွေဝင်နေပါတယ်။ သုံးဆယ်ဆည်ရဲ့ ရေပိုလွှဲကနေ ရေကျော်ပြီးဖြစ်တာပါ။ ဆည်က ရေလွှတ်တာတော့ မဟုတ်ဘူး။ ဆည်ရဲ့ စိုးရိမ်ရေမှတ်ကျော်လို့ လွှတ်တာမဟုတ်ဘူး။ မိုးများလို့ ရေပိုလွှဲက ရေကျော်ပြီး ထွက်လာတဲ့ရေတွေပါ” ဟု ၎င်းကဆိုသည်။

သုံးဆယ်ဆည်တမံ၏ ကြံ့ခိုင်ရေးအခြေအနေသည် ကောင်းမွန်နေသော်လည်း လက်ရှိတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တမံ၏ ရေပိုလွှဲမှ တစ်ပေခန့်ရေကျော်ကာ သုံးဆယ်ချောင်းအတွင်း စီးဝင်နေခြင်းဖြစ်သည် ဟု ဆည်မြောင်းဦးစီးဌာနမှ သိရှိရသည်။

အဆိုပါဖြစ်စဉ်အတွက် ရေဘေးသင့်လူဦးရေစာရင်းအား မြို့အုပ်ချုပ်ရေးမှူး ၊ မီးသတ်တပ်ဖွဲ့များ ၊ ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူမှုကူညီရေးအဖွဲ့အစည်းများမှ လိုက်လံကောက်ခံနေသည်ဟု မျိုးဆက်သစ်အားမာန်ကွန်ရက်မှ ကိုဖိုးစန်းက မဇ္စျိမသို့ ပြောသည်။

“မိုးရေ နဲ့ ဆည်ရေ ပေါင်းပြီးတော့ ချောင်းမကြီးထဲကို ရေတွေရောက်လာပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ် လာတာပါ။ ဆည်ရဲ့ ရေပိုလွှဲက ရေတစ်ပေလောက်ကျော်ပြီး ကျလာတာပါ။ ရေဘေးသင့်လူဦးရေတော့ အတိအကျမသိသေးဘူး” ဟု ၎င်းက ဆိုသည်။

ရေကြီးနစ်မြှုပ်မှုကြောင့် သခွတ်ကုန်း ၊ သင်္ဃန်းကုန်း ၊ ပေပင်ကုန်း စသည့် သုံးဆယ်ချောင်းနှင့် ဆက်စပ်နေ သည့် ရပ်ကွက်ကျေးရွာများအတွင်းမှ သက်ကြီးရွယ်အိုနှင့် ကလေးများကို နီးစပ်ရာဘုန်းကြီးကျောင်းများသို့ ကူညီပို့ဆောင်ထားပြီး ဖြစ်သည်ဟု ဒေါ်မူမူခင်က ဆိုသည်။

“လောလောဆယ်အထိတော့ဆိုးဆိုးရွားရွားမဟုတ်သေးပါဘူး။ ကယ်ဆယ်ရေးတွေနိုင်နင်းတဲ့ အနေအထား ရှိနေပါတယ်” ဟု သာယာဝတီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မူမူခင်က ဆိုသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required