အီရတ် ဘာသာရေးပွဲတော် လူအုပ်ပိမှု လူ ၃၀ ကျော်သေဆုံး

By AFP
11 September 2019
အီရတ် ဘာသာရေးပွဲတော် လူအုပ်ပိမှု လူ ၃၀ ကျော်သေဆုံး

စက်တင်ဘာ ၁၁ ။           ။ အီရတ်နိုင်ငံ ကာဘာလာမြို့ မှာ စက်တင်ဘာ ၁၀ ရက်က ရှီးအိုက် မွတ်ဆလင်တွေရဲ့ ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ အာရူရာနေ့ အထိမ်းအမှတ်ပွဲတော် ကျင်းပနေစဉ်အတွင်း လူအုပ်ပိမိမှု ဖြစ်လို့ အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်း ဘာသာရေးပွဲ လူအုပ်ပိမှုမှာ ၃၀ ကျော် သေဆုံးတဲ့အပြင် အခြား ဘုရားဖူး အယောက် ၁၀၀ လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူဦးရေဟာ ထပ်မံ မြင့်တက်သွားနိုင်ကြောင်း အီရတ် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယင်း ပွဲတော်အတွင်း ထောင်ပေါင်းများစွာသော ဘုရားဖူးတွေ အစဉ်အလာ ထုံးတမ်းဓလေ့ ကျင်းပနေစဉ် ဘုရားဖူးတစ်ဦးက ခြေထိုးခံမိသလို ဖြစ်သွားရာကနေ စပြီး ခုလို လူအုပ်ပိမှု စဖြစ်ခဲ့တာလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

“ ဒါ ရုတ်တရက်ကြီး ထဖြစ်ခဲ့တာပါ၊ လူတစ်အုပ်က ကျွန်တော်တို့ရှေ့မှာ ဟပ်ထိုးဟပ်ထိုး ပြိုလဲကျသွားကြပါတယ်၊ တော်တော် အ့ံသြစရာ ကောင်းပါတယ်၊ လူတိုင်း တစ်ယောက်ပေါ်တစ်ယောက် လဲကျကုန်တာပါ” လို့ ဒဏ်ရာရရှိသူ ရှီးအိုက် ဘုရားဖူးတစ်ဦးက ပြောသွားပါတယ်။

အီရတ်မှာတော့ အဆိုပါ အာရူရာ ပွဲတော်မှာ ပါဝင်ဖို့အတွက် နှစ်စဉ်နှစ်တိုင်း သန်းပေါင်းများစွာသော ရှီးအိုက်မွတ်ဆလင်ဘုရားဖူးတွေဟာ အဆိုပါ ကာဘာလာမြို့ကိုလာရောက်လေ့ရှိတယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly