အရှေ့တောင်အာရှမှာ မီးခိုးမြူဖုံးမှုကြောင့် စာသင်ကျောင်း ရာပေါင်းများစွာ ပိတ်ထား

By AFP
10 September 2019
အရှေ့တောင်အာရှမှာ မီးခိုးမြူဖုံးမှုကြောင့် စာသင်ကျောင်း ရာပေါင်းများစွာ ပိတ်ထား

ဂျကာတာ၊ စက်တင်ဘာ ၁၀

ကမ္ဘာ့အကြီးဆုံး မိုးသစ်တောတွေထဲမှာ ပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံက မိုးသစ်တောတွေ အနှံ့အပြားမှာ တောမီးကြီးလောင်ကျွမ်းပြီး မီးခိုးမြူဖုံးမှုတွေ ဖြစ်ပေါ်တာကြောင့် အရှေ့တောင်အာရှဒေသတွင်း စာသင်ကျောင်း ရာပေါင်းများစွာကို ပိတ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဆူမတြားနဲ့ ဘော်နီယိုကျွန်းတွေက သစ်တောဧရိယာ ကြီးကြီးမားမားမှာ မီးလောင်နေတာ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ ဒေသခံတွေက စိုက်ပျိုးရေးအတွက် တောင်ယာမီးရှို့တာတွေ ရှိပြီး မီးကူးစက်လောင်ကျွမ်းတဲ့အခါ ကြိတ်ပြီး မီးငြိမ်းသတ်တာမျိုးတွေကြောင့် မီးလောင်ကျွမ်းမှု ပိုမိုဆိုးဝါးရတာပါ။

ဒီလို စိုက်ပျိုးရေးအတွက် တောမီးရှို့တာတွေဟာ ကြီးကြီးမားမား တောမီးလောင်တာတွေ ဖြစ်စေပြီး လက်ရှိမှာလည်း တောင်အမေရိကက အမေဇုံမိုးသစ်တောကြီးမှာ တောမီးလောင်ကျွမ်းတဲ့ ဘေးကို ရင်ဆိုင်နေရပါတယ်။ ခုလို မိုးသစ်တောတွေ တောမီးလောင်တာကြောင့် ကမ္ဘာ့ရာသီဥတုအပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်လိမ့်မယ်လို့ ပညာရှင်တွေက ယုံကြည်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ မလေးရှားနဲ့ ဘရူးနိုင်းနိုင်ငံတွေနဲ့ နယ်မြေထိစပ်နေတဲ့ ဘော်နီယိုကျွန်းအပါအဝင် ဧရိယာနယ်မြေ တော်တော်များများ ပြန့်နှံ့လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။

မလေးရှားမြို့တော် ကွာလာလမ်ပူ အတွင်းအပြင်က လေထုအရည်အသွေးဟာ ကျန်းမာရေး ထိခိုက်နိုင်ခြေထိ ကျဆင်းနေကြောင်း အစိုးရ လေထုညစ်ညမ်းမှု အညွှန်းကိန်းက ဖော်ပြပါတယ်။ ကောင်းကင်တစ်ခွင်လည်း မီးခိုးမြူဖုံးလျက် ရှိနေပါတယ်။

လေထဲမှာ မီးခိုးပြာမှုန် အမှုန်အမွှားတွေ ပြန့်နှံ့နေပြီး ဒေသခံတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ယားယံတာ၊ မျက်စိနာတာတွေ ဖြစ်ပွားခံစားနေရပါတယ်။

“ဒီ မီးခိုးမြူဖုံးမှုကြောင့် မျက်စိနာပြီး အသက်ရှုရတဲ့ ပြဿနာတွေ ဖြစ်စေတယ်။”လို့ ကွာလာလမ်ပူမှာ အင်ဒိုနီးရှား ခရီးသွားဧည့်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly