ငလျင်ကြောင့် အက်ကွဲသွားသည့် ကုသိုလ်တော်ဘုရား ကျောက်စာတိုက်စေတီများကို ပြုပြင်မည်

ငလျင်ကြောင့် အက်ကွဲသွားသည့် ကုသိုလ်တော်ဘုရား ကျောက်စာတိုက်စေတီများကို ပြုပြင်မည်

မန္တလေး၊ စက်တင်ဘာ ၁၀ ။        ။ ငလျင်ကြောင့် အက်ကွဲပျက်စီးသွားသည့် မန္တလေးမြို့ မဟာလောကမာရဇိန်ဘုရား (ကုသိုလ်တော်)အတွင်းရှိ ကျောက်စာတိုက်စေတီ (၈) ဆူကို ကော်မတီဖွဲ့၍ ပြုပြင်မည်ဖြစ်ကြောင်း ကုသိုလ်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်ဝင်းက ပြောသည်။

သြဂုတ်လ (၃၁) ရက်နေ့ ည (၉)နာရီ၊ (၃၉)မိနစ်၊ (၂၂) စက္ကန့်အချိန်က ကန့်ဘလူမြေငလျင်စခန်းမှ တောင် ဘက် (၃၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း၊ (ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄)မိုင်ခန့် အကွာ) ကို ဗဟိုပြု၍ အင်အားရစ်ချက်တာ စကေး(၆.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားခဲ့ခြင်းကြောင့် မဟာလောကမာရဇိန် ဘုရား (ကုသိုလ်တော်)အတွင်းရှိ ကျောက်စာတိုက်စေတီ အမှတ် ၂၁၂၊ ၂၁၃၊ ၃၅၅၊ ၄၄၄၊ ၄၉၄၊ ၄၉၆၊ ၄၉၇၊ ၄၉၉ တို့တွင် အက်ကွဲမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

"ပြင်ဆင်စရိတ်ကို ကျွန်တော်တို့ကပဲ ကျခံရမှာပါ။ ဒါပေမယ်လို့ ကျွန်တော်တို့ ပြင်ဆင်တဲ့အခါမှာ တိုင်းဒေသ ကြီး အစိုးရရဲ့ လမ်းညွှန်ချက် ရှေးဟောင်းရဲ့ ပြုပြင်ခွင့်တွေနဲ့ သုံးဦးသုံးဖလှယ် ပေါင်းပြီး ပြုပြင်သွားမှာပါ။ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကော်မတီဖွဲ့ပေးမှာပါ။"ဟု ကုသိုလ်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ သီဟသုဓမ္မ မဏိဇောတဓရ ဦးကျော်ဝင်း က ပြောသည်။

ငလျင်ကြောင့် ကျောက်စာတိုက်စေတီများ အက်ကွဲသွားသော်လည်း ရှေးဟောင်းကျောက်စာများကို ထိခိုက် ခြင်း မရှိကြောင်း သိရသည်။ကွဲအက်သွားသည့် ကျောက်စာတိုက်စေတီများ ပြုပြင်ရန် အလှူရှင်အချို့လည်း ဆက်သွယ်လာမှုများရှိကြောင်း ကုသိုလ်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ သီဟသုဓမ္မ မဏိဇောတဓရ ဦးကျော်ဝင်း ကဆိုသည်။

မဟာလောကမာရဇိန်ဘုရား (ကုသိုလ်တော်) ကျောက်စာများသည် ၂၀၁၃ ခုနှစ်က ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ကြီးမှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly