အပစ်ရပ် NCA စာချုပ်ပါ အချက်များ ပြီးစီးအောင်မြင်အောင် အကောင်အထည်ဖော်မည်ဟု ဆို

အပစ်ရပ် NCA စာချုပ်ပါ အချက်များ ပြီးစီးအောင်မြင်အောင် အကောင်အထည်ဖော်မည်ဟု ဆို
ဓာတ်ပုံ - သူရ ( မဇ္စျိမ )

ရန်ကုန်၊ စက်တင်ဘာ ၁၀ ။        ။ NCA စာချုပ်ပါသဘောတူညီချက်များ ပြီးစီးအောင်မြင်သွားသည်အထိ ပူးတွဲအကောင်အထည်ဖော်သွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုသည်။

စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ပြုလုပ်သော နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO) ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး၌ အဖွင့်နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ NCA စာချုပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတွေနဲ့ လက်မှတ်ရေးထိုးခြင်းဖြစ်တဲ့အတွက် NCA မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း မပျက်မကွက် လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပြီး NCA နိဒါန်းမှာ ဖော်ပြထားတဲ့အတိုင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကလည်း မယိုင်မလဲ ရပ်တည်နေတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

အဆိုပါ အစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၀ ရက် တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ အဆိုပြုချက်များ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့၏ သဘောထားများကို အပြုသဘောဖြင့် ပြန်လည် အဆိုပြု ဆွေးနွေးကြမည် ဟု သိရသည်။

ကာလအတန်ကြာ ရပ်တန့်ထားသည့် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့် NCA ကို အကောင်အထည် ဖော်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲများကိုဖြေရှင်းရေး နည်းလမ်းရှာကြရန် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက တိုက်တွန်းပြောဆိုသည်။

“ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး ခိုင်မာဖို့အတွက် NCA အချို့အခန်းတွေ အကောင်အထည် မဖော်နိုင်ခဲ့သေးတာ တွေကို ပြန်လည်စိစစ် အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အစိုးရဘက်က ကမ်းလှမ်း ထားပါတယ်။ ၂၀၂၀ မတိုင်မှီနဲ့ ၂၀၂၀ အလွန်ကာလတွေမှာ ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်မလဲ၊ အဆင့်လိုက် လုပ်ငန်းစဉ်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဖက်ဒရယ်မူ တွေ ရရှိနိုင်ရေး၊ ဒါတွေကို နှစ်ဖက်ခေါင်းဆောင်တွေကြားမှာ သဘောတူညီချက်တွေ ရယူနိုင်ကြဖို့၊ တိုင်းရင်းသားနယ်မြေဒေသက ပြည်သူတွေ ငြိမ်းချမ်းရေးရလဒ်ကို ရရှိခံစားနိုင်ရေး စီမံကိန်းတွေ ချမှတ် ဆောင်ရွက်ဖို့ကို အစိုးရအနေနဲ့ ဒီကိစ္စတွေကို ဆွေးနွေးဖို့ ကမ်းလှမ်းလိုပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောသည်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တရားဝင်ဆွေးနွေးပွဲ များ ပြန်လည်ကျင်းပနိုင်ရေး၊ ၂၀၂၀ နှစ်ဦးမှာ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေး၊ ၂၀၂၀ အလွန် နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အဆင့်လိုက်ဆောင်ရွက်ရမည့် အစီအစဉ်များ ချမှတ်နိုင်ရေးကို ဦးတည်ပြီး ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိသော်လည်း ‘၀’ ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့(ကချင် KIA ၊ ရှမ်း SSPP ၊ ကိုးကန့် MNDAA၊ တအာဝ်းTNLA၊  မိုင်းလားMNDAA၊ ရက္ခိုင့်တပ် AA ) ကမူ အပစ်ရပ် လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကိုမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ALP)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ဒီမိုကရေစီအကျိုးပြုတပ်(DKBA)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly