Omni Focus ကုမ္ပဏီကို ဧရာဝတီဘဏ်က တရားစွဲမည့်ကိစ္စ (အပိုင်း ၁)

By တင်ထက်ပိုင် & ချမ်းသာ/Myanmar Now
10 September 2019
Omni Focus ကုမ္ပဏီကို ဧရာဝတီဘဏ်က တရားစွဲမည့်ကိစ္စ (အပိုင်း ၁)
ဧရာဝတီဘဏ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးနေလ (ဓာတ်ပုံ - တင်ထက်ပိုင်)

ဧရာဝတီဘဏ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် တွေ့ဆုံခြင်း

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့(မထသ) ကို ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကို ဖွဲ့စည်းပြီး YBS စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။ အစိုးရသစ်လက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် ယင်းYBS စနစ်တွင် ဝန်ဆောင်မှုပေးရန် ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီ သုံးခုက တရုတ်နိုင်ငံထုတ် ဘတ်စ်ကားအသစ်များကို ဧရာဝတီဘဏ်၏ချေးငွေဖြင့် ဝယ်ယူခဲ့သည်။

ယာဉ်အသစ် အစီးရေ ၅၀၀ ဝယ်ယူနိုင်ရန် ဧရာဝတီဘဏ်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း စုစုပေါင်း ကျပ် ၅၆ ဘီလျံကျော် ထုတ်ချေးခဲ့သည်ဟု အဆိုပါဘဏ်က ၂၀၁၈ ဒီဇင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ထံ ပေးပို့သည့်စာတွင် ဖော်ပြခဲ့သည်။ သို့သော်လည်း ဘဏ်နှင့် သဘောတူထားသည့်အတိုင်း သတ်မှတ်နှုန်းထားများကို ပြန်မဆပ်သည့်အတွက် ဧရာဝတီဘဏ်က ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ဩဂုတ်လ ၁၆ ရက်နေ့က တရားစွဲဆိုလိုက်ပြီဖြစ်သည်။

တရားစွဲဆိုခံရသည့် ကုမ္ပဏီများမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မြေး ဦးကျော်နေဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် Omni Focus General Services Public Co., Ltd ၊ Central Yangon Network နှင့် Keen Support Co.,ltd တို့အပြင် YBS ဘတ်စ်ကားများအဖြစ် ဝန်ဆောင်မှုပေးရန် Foton အမှတ်တံဆိပ် ယာဉ်များကို တရုတ်နိုင်ငံမှ တင်သွင်းရောင်းချပေးခဲ့သည့် ခိုင်မြဲခိုင်ကုမ္ပဏီလည်း ပါဝင်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။ YBS စနစ်အောက်တွင် ပြေးဆွဲနေသည့် ပုဂ္ဂလိကယာဉ်လိုင်း အများစုသည် ဧရာဝတီဘဏ်ကို အတိုးနှင့်အရင်းများ ပုံမှန်ပေးသွင်းသော်လည်း အထက်ပါကုမ္ပဏီ သုံးခုမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စပြီး ဘဏ်နှင့် သဘောတူထားသည့်အတိုင်း ငွေများပေးသွင်းရန် ပျက်ကွက်သည့်အတွက် ထိုကုမ္ပဏီများကို တရားစွဲဆိုခြင်းဖြစ်ကြောင်း ယင်းဘဏ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးနေလက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိနိုင်စေရန် တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် Myanmar Now သတင်းဌာနတို့ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

Myanmar Now ။ ။ ကုမ္ပဏီတွေကို တရားစွဲဆိုရတဲ့ အကြောင်းအရင်းကို သိချင်ပါတယ်။

ဦးနေလ ။ ။ အဓိက တရားစွဲတာကတော့ ဘဏ်ချေးငွေရလိုမှုပါ။ ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဥပဒေအရ အကြောင်းကြားစာ (Legal Notice) ပေးပြီးမှ တရားစွဲဆိုခြင်း ဖြစ်ပါတယ်။ တရားစွဲဆိုမှု အသေးစိတ်ကို ခုချိန်မှာ မပြောနိုင်သေးပါဘူး။

Myanmar Now ။ ။ ကုမ္ပဏီတွေကို ဘယ်လို ချေးငွေအမျိုးအစား ပေးခဲ့တာပါလဲ။

ဦးနေလ ။ ။ Foton အမှတ်တံဆိပ် ဘတ်စ်ကားအသစ် ၅၀၀ ဝယ်ယူနိုင်ဖို့  အငှားဝယ်စနစ် (Hire Purchase System) နဲ့ ဘဏ်က ထုတ်ချေးဖို့ စီစဉ်ခဲ့တာပါ။ ယာဉ်တွေ ရောင်းချတဲ့ကုမ္ပဏီထံ ပေးသွင်းငွေကို ဘဏ်ချေးငွေအဖြစ် ပေးခဲ့တာပါ။ ဒါပေမဲ့ အစီးရေ ၅၀၀ မှာ ၁၀၀ အတွက်ပဲ ယာဉ်လိုင်စင်မှတ်ပုံတင် လာအပ်ခဲ့တဲ့အတွက် ၁၀၀ ပဲ အငှားဝယ်စနစ်မှာ အကျုံးဝင်ခဲ့ပါတယ်။

Myanmar Now ။ ။ ခုလိုတရားစွဲဆိုတာဟာ ကားအစီးရေ ဘယ်လောက်အတွက် စွဲဆိုတာလဲ။

ဦးနေလ ။ ။ အစီး ၅ဝဝ ပါ။ အစီး ၁ဝဝ အတွက်က အငှားဝယ်စနစ်နဲ့ ဖြစ်ပြီး ကျန် အစီး ၄၀၀ အတွက်က ရိုးရိုးဘဏ်ချေးငွေ ဖြစ်ပါတယ်။

Myanmar Now ။ ။ ဒီလိုတရားစွဲလိုက်တော့ အငှားဝယ်စနစ်နဲ့ ဧရာဝတီဘဏ်က ပိုင်ဆိုင်ထားတဲ့ YBS ကား အစီးရေ ၁၀၀ က ပြေးဆွဲမှု ရပ်တန့်သွားမှာလား။

ဦးနေလ ။ ။ လုံးဝ မရပ်တန့်စေရပါဘူး။ အာမခံပါတယ်။ အငှားဝယ်စနစ်နဲ့ ဧရာဝတီဘဏ်က ပိုင်တဲ့ ကားအစီး (၁ဝဝ) အတွက်လည်း ကားပြန်အပ်ဖို့ မတောင်းဆိုခဲ့ပါဘူး။

Myanmar Now ။ ။ အခုတရားစွဲဆိုမှုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ရော ဆက်စပ်မှုရှိလား။

ဦးနေလ ။ ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ထည့်သွင်းတရားစွဲဆိုခြင်း မရှိပါဘူး။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွက် ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဧရာဝတီဘဏ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ YRTA က ခန့်မှန်းလိုအပ်ငွေ  ကျပ် သန်းတစ်သောင်း ရှိမယ်။ သက်တမ်း ၃ လနဲ့ ဘဏ်လုပ်ထုံးလုပ်နည်းနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ အကြောင်းကြားတာပါ။ တရားစွဲဆိုတဲ့အခါမှာတော့ တိုင်းအစိုးရအဖွဲ့ကို ထည့်သွင်းစွဲဆိုခြင်း မရှိပါဘူး။

Myanmar Now ။ ။ ဘာကြောင့်လဲ။

ဦးနေလ ။ ။ ဒါကတော့ ရှင်းပါတယ်။ ဘယ်သူက ပြောပြော၊ ဘယ်သူတွေက စာပို့ပို့၊ ဘဏ်ရဲ့တာဝန်က ဘဏ်ဒါရိုက်တာအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ ငွေထုတ်ချေးတာပါပဲ။ အစိုးရအဖွဲ့အကြောင်းကြားစာမှာ သက်တမ်း ၃ လနဲ့ ငွေကျပ် သန်းတစ်သောင်း ဆိုပေမယ့် အဲဒီတုန်းက ညှိနှိုင်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ လက်တွေ့ကတော့ ဘဏ်က YBS မှာ ပြေးဆွဲမယ့် ကုမ္ပဏီကို ငွေထုတ်ချေးတာပါ။ အစိုးရအဖွဲ့ကိုရော၊  YRTA ကိုရော ငွေထုတ်ချေးတာ မဟုတ်ပါဘူး။

သူတို့က ညှိနှိုင်းဆောင်ရွက်ပေးဖို့ အကြောင်းကြားစာ ပေးပို့တယ်။ ခေါ်ယူဆွေးနွေးတာတွေပဲ ရှိပါတယ်။ သူတို့ပြောတဲ့ ပမာဏအတိုင်းလည်း ထုတ်မချေးဘူး။ ဧရာဝတီဘဏ်မှာလည်း လိုက်နာရတဲ့ ဥပဒေတွေ၊ ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်တွေ၊ ဘဏ်လုပ်ထုံးလုပ်နည်းနဲ့ သတ်မှတ်တဲ့စည်းကမ်းချက်တွေ ရှိပါတယ်။ ပြီးတော့ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ အနီးကပ်ကွပ်ကဲမှု ၊ ကြီးကြပ်မှု၊ ညွှန်ကြားမှုနဲ့ ဆောင်ရွက်ရတာပါ။

Myanmar Now ။ ။ ဗဟိုဘဏ်ကရော ဒီချေးငွေကိစ္စမှာ ညွှန်ကြားချက် ပေးထားတာ ရှိပါသလား။

ဦးနေလ ။ ။ ဧရာဝတီဘဏ်အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်အားလုံးဟာ မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်ကြရပါတယ်။ အနီးကပ် ကွပ်ကဲမှုကိုလည်း ဗဟိုဘဏ်က လုပ်ပါတယ်။ အခုကိစ္စမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဗဟိုဘဏ်ကို YBS ချေးငွေကိစ္စ အကြောင်းကြားစာ ပို့ပါတယ်။ ရန်ကုန်မှာ ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းဖို့၊ Public Transportation ကောင်းမွန်ဖို့ အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ယာဉ်ဟောင်းအစားထိုးပြီး၊ ယာဉ်အသစ် လဲလှယ်ပြေးဆွဲဖို့။ အဲဒီမှာ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ဘဏ်များရဲ့ချေးငွေဝါဒ (Credit Policy) နဲ့ (၅) နှစ်မှ (၇) နှစ် ကာလအထိ ချေးယူဖို့ ဧရာဝတီဘဏ်က စုပေါင်းချေးငွေကို စီမံခန့်ခွဲသူ (Lead Arranger) အဖြစ် ဆောင်ရွက်သွားမယ်လို့ စာပို့ပါတယ်။ ခုနပြောသလို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဧရာဝတီဘဏ်ကိုလည်း စာပို့ပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ (ကျပ်)သန်းတစ်သောင်းကိစ္စကို (၃) လသက်တမ်းနဲ့။ နောက် ဗဟိုဘဏ်ကလည်း ဧရာဝတီဘဏ်ကို သေချာစီစဉ်ဆောင်ရွက်ဖို့ အကြောင်းပြန်ပါတယ်။

Myanmar Now ။ ။ Omni Focus ကုမ္ပဏီရဲ့ ဥက္ကဌ ဦးကျော်နေဝင်းက တရားရုံးမှာ တရားဝင် တင်ပြပြီဆိုရင် "အသံဖိုင်” ရှိတယ်လို့ ပြောထားတာ ရှိတယ်။ “အသံဖိုင်” က ဘာကို ရည်ညွှန်းတာလဲ။

ဦးနေလ ။ ။ ကျွန်တော်လည်း တွေ့တယ်။ "အသံဖိုင်” ဆိုတာ နားမလည်ဘူး။ ဧရာဝတီဘဏ်က ချေးငွေရယူလိုသူတွေနဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတာမျိုး ရှိခဲ့တယ်။ ဒါပေမဲ့ ဆွေးနွေးချက်ကို နှစ်ဦးသဘောတူ အသံဖမ်းထားမယ်လို့ သဘောတူညီချက် မရှိဘူး။ အသံဖမ်းပြီး မှတ်တမ်းထားရှိမယ် ဆိုတာလည်း မရှိဘူး။ အခုတရားစွဲဆိုတာက ဘဏ်ချေးငွေ ပြန်တောင်းတာပါ။

ဘဏ်ကငွေချေးရင် ချေးငွေရယူလိုသူက ဘဏ်ကို "ဘဏ်ချေးငွေအပြုလွှာ” တင်ရတယ်။ ဘဏ်ချေးငွေကော်မတီနဲ့ ဘဏ်က ဒါရိုက်တာအဖွဲ့က အစည်းအဝေးထိုင်ပြီး အဆုံးအဖြတ် ပေးတယ်။ ချေးခွင့်ပြုရင် ချေးငွေယူသူနဲ့ ဘဏ်နဲ့ကြား ချေးငွေစည်းကမ်းချက်များပါတဲ့ စာချုပ် ချုပ်ရတယ်။

ဒါ့ပြင် အငှားဝယ်စနစ်နဲ့ ဆိုရင်လည်း အရစ်ကျ ကားဝယ်ယူခွင့်လျှောက်လွှာ တင်ရတယ်။ နောက် ရောင်းဝယ်ပေးတဲ့ Dealer ဆီက ဝယ်ယူထားတဲ့ ကားတွေကို ပိုင်ဆိုင်မှုလွှဲပြောင်းတဲ့စာချုပ် ချုပ်တယ်။ နောက်အဓိကကျတဲ့ အငှားဝယ်ယူစနစ်နဲ့ ဝယ်ယူပေးခြင်း၊ ပြန်လည်ငှားရမ်းခြင်းကို ဧရာဝတီဘဏ်နဲ့ ချုပ်ရတယ်။ အဲဒီမှာ ပြန်လည်ပေးဆပ်ရမယ့် အချိန်ဇယား လအလိုက် အတိအကျ ပါတယ်။ ဘယ်လမှာ ဘယ်လောက်ပေးဆပ်ရမယ်၊ ဘယ်နှစ်အထိ လစဉ်မှန်ကန်စွာ ပေးသွင်းမယ်ဆိုတာ ပူးတွဲပါတယ်။ ဒါအပြင် ကြားလူ (Third Party) က အရစ်ကျ မှန်ကန်စွာပေးပါမယ်ဆိုတာ အာမခံတာလည်းပါတယ်။

ဘဏ်မှာတင်သွင်းရတဲ့ စာရွက်စာတမ်း၊ ချုပ်ဆိုရတဲ့ စာရွက်စာတမ်း ဒါတွေဟာ ဗဟိုဘဏ်က သတ်မှတ်တဲ့ စည်းမျဉ်းအတိုင်း ဆောင်ရွက်ရတာပါ။ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ထဲမှာ အသံဖိုင်နဲ့ ဆွေးနွေးညှိနှိုင်း မှတ်တမ်းထားရမယ် ဆိုတာမျိုး မပါဘူး။ တရားဝင် အသံဖမ်းထားတာမျိုးလည်း မရှိဘူး။

Myanmar Now ။ ။ ခုလို တရားမစွဲမီ ညှိနှိုင်းမှု ပြုလုပ်ခဲ့တာတွေ ရှိပါသလား။

ဦးနေလ ။ ။ ရှိတယ်။ အတိုးနဲ့ ချေးငွေ ပျက်ကွက်မှုအတွက် ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်ပြီး၊ ဧရာဝတီဘဏ်နဲ့ ကုမ္ပဏီ (၃) ခု ကိုယ်စားလှယ်တို့နဲ့ပါ။ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က တာဝန်ရှိသူတွေလည်းပါတယ်။ ဒီနှစ် ဧပြီလကတည်းကပါ။ ဆွေးနွေးပြီး (၃) လ စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ မထူးတဲ့အတွက် တရားစွဲတဲ့အထိ ဖြစ်လာခဲ့တာပါ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly