အသက် ၇ဝ ဝန်းကျင်ကာတွန်းဆရာကြီးတွေရဲ့ ရွှေအိုရောင်ကာတွန်းပြပွဲ

အသက် ၇ဝ ဝန်းကျင်ကာတွန်းဆရာကြီးတွေရဲ့ ရွှေအိုရောင်ကာတွန်းပြပွဲ
ဓာတ်ပုံ - ဖူးအိအိနွယ်

စက်တင်ဘာ ၉၊ ရန်ကုန် ။        ။ အသက် ရဝ ဝန်းကျင်ရှိပြီဖြစ်တဲ့ ကာတွန်းဆရာကြီးတွေက လွန်ခဲ့တဲ့ နှစ် ၅ဝ လောက်က သူတို့ရဲ့ အတွေးတွေ၊ အရေးတွေနဲ့ ပုံဖော်ခဲ့တဲ့ ကာတွန်းကားချပ်တွေကို ပြပွဲပြုလုပ်ပြသခဲ့ပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ Moon Art Gallery မှာ ပြုလုပ်ခဲ့တဲ့ အဲ့ဒီကာတွန်းပြပွဲကို ရွှေအိုရောင်ကာတွန်းပြပွဲလို့ နာမည်ပေးထားပါတယ်။

“လက်ဘက်ရည်ဆိုင်မှာထိုင်ဖြစ်ကြတော့ ဟိုတုန်းကရေးခဲ့တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေက အဲ့ဒီခေတ်က လက်ရာလေးတွေ ပြန်ပြချင်တယ်။ ဒီခေတ်ကာတွန်းတွေ ရေးနေသလို အရင်ခေတ်က ဘယ်လိုရေးခဲ့လဲ ပြချင်တာပါ” လို့ ကာတွန်းပြပွဲပြုလုပ်ဖြစ်ပုံကို အသက် ၆၉ နှစ်အရွယ် ကာတွန်းဇော်ဝိတ်က ပြောပါတယ်။

အဲ့ဒီခေတ်တုန်းက စာပေစိစစ်ရေးတင်းကြပ်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အခြေ အနေတွေကို ကာတွန်းတွေနဲ့ သရော်တဲ့အခါမှာ သွယ်ဝိုက်ပြီး ဖော်ပြခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

“အခုကတော့ အကြောင်းအရာလေးတစ်ခုကို သိရင် ရေးလို့လွယ်တယ်။ ဟိုတုန်းကကျတော့ နိုင်ငံရေး အကြောင်းရေးမယ်ဆို စာပေစိစစ်ရေးက ရှိတယ်။ အဲ့ဟာကိုလွတ်အောင် ဥပမာဖတ်လိုက်တဲ့သူက ပြန် စဉ်းစားပြီးမှ အဖြေထွက်တာမျိုး၊ ဒီဟာလေးရေးသလိုပေါ့ ။ မြွေနှစ်ကောင်ကို ရေးထားတယ်။ မင်းက ရှည်တာကိုးတဲ့။ ဘာကြောင့်လဲဆိုတော့ ရှည်တဲ့မြွေက အပင်ရဲ့ အမြင့်ဆုံးမှာ အမြီးတွေငြိနေတယ်။ အဲ့တော့ ယဉ်ယဉ်လေးပဲ မင်းက ရှည်တာကိုးဆိုတဲ့ စကားလေးပဲ သုံးထားတယ်။ အဲ့ဒါတောင် တစ်ခါတလေ အပိတ်ခံရတယ်” လို့ ပြောပါတယ်။

အဆိုပါပြပွဲမှာတော့ တစ်ချိန်က စာနယ်ဇင်းသတင်းစာတွေဖြစ်တဲ့ လုပ်သားပြည်သူ့နေ့စဉ်၊ ဗိုလ်တစ်ထောင် သတင်းစာ၊ ကြေးမုံသတင်းစာ၊ တေဇ၊ မြဝတီ၊ ရွှေသွေး၊ ငွေတာရီ၊ လုပ်သားဂျာနယ်၊ လမ်းစဉ်သတင်း စတဲ့ စာနယ်ဇင်းတွေမှာ ဖော်ပြခံခဲ့ရတဲ့ ကာတွန်းကားချပ်တစ်ရာကျော်ကို ကာလာပြန်သွင်းကာပြသထားတာပါ။

ပြပွဲမှာ ကာတွန်းအောင်ဇင်၊ ကာတွန်းဇော်ဝိတ်၊ ကာတွန်းကျော်ထွဏ်း၊ ကာတွန်းမောင်ဗချီ၊ ကာတွန်းငယ်ဦး၊ ကာတွန်းမောင်မောင်အေး၊ ကာတွန်းကိုသက်ကြည်၊ ကာတွန်းတိုးတိုး၊ ကာတွန်းသာဦး၊ ကာတွန်းမောင်ရွှေဝင်း စတဲ့ ကာတွန်းဆရာ ၁ဝ ဦးတို့ရဲ့ တစ်ခေတ်တစ်ခါက ကာတွန်းကားချပ်တွေကို စက်တင်ဘာ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း အခမဲ့လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly