ဦးဝီရသူ ပိုင်ဆိုင်မှုများအတွက် ဝရမ်းအတည်ပြု ပြန်သွင်းရန် ရုံးချိန်း ထပ်မံချိန်းဆို

ဦးဝီရသူ ပိုင်ဆိုင်မှုများအတွက် ဝရမ်းအတည်ပြု ပြန်သွင်းရန် ရုံးချိန်း ထပ်မံချိန်းဆို
ဓာတ်ပုံ - သူရ ( မဇ္စျိမ )

ရန်ကုန်၊ စက်တင်ဘာ ၉ ။                ။ ဦးဝီရသူ၏ ပိုင်ဆိုင်မှုများအတွက် ပိုင်ဆိုင်မှုဝရမ်းကိုမတင်ပြနိုင်ခဲ့တာကြောင့် ဝရမ်းအတည်ပြု ပြန်သွင်းရန် နောက်ထပ်ရုံးချိန်းကို ထပ်မံချိန်းဆိုလိုက်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

ဦးဝီရသူအား သြဂုတ်လ ၉ ရက်နောက်ဆုံးထား၍ တရားရုံးကိုလာရောက်ဖြေရှင်းရန် ကြေညာထားသော်လည်း လာရောက်ဖြေရှင်းခြင်းမရှိသောကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေအရ ဦးဝီရသူပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို ချိတ်ပိတ်ဝရမ်းကပ်ရန် သြဂုတ်လ (၉)ရက်နေ့က အနောက် ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။

''အရင်အပတ်က ဦးဝီရသူပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို စွပ်စွဲခံရသူ လာရောက်စေခြင်းငှာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၈ အရ ထုတ်ဆင့်သော ဝရမ်းအတည်ပြုပြန်လည် တင်သွင်းခြင်းမရှိတဲ့အတွက် ဝရမ်းအတည်ပြုပြန်သွင်းဖို့ ပြန်လည်ချိန်းဆိုတယ်။ အရင်တစ်ခေါက်က ပိုင်ဆိုင်မှု ဝရမ်းကို ပြန်သွင်းခိုင်းတာ'' ဟု အနောက်ပိုင်းခရိုင်တရားရုံးမှ သတင်းမီဒီယာ ပြန်ကြားရေးမှူးက ဖြေကြား သည်။

ဦးဝီရသူအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈ရအရ တရားရုံးသို့ လာရောက် ဖြေရှင်းရန် ထုတ်ပြန်ကြေညာ ထားသော်လည်း စက်တင်ဘာ ၉ရက် (ယနေ့)အထိ တရားရုံးသို့ လာရောက်ခြင်း မရှိသေးဟု သိရသည်။
ဦးဝီရသူသည် တနင်္သာရီတိုင်း မြိတ်မြို့နှင့် ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ်တွင် ပြုလုပ်ခဲ့သော အခြေခံ ဥပဒေထောက်ခံပွဲတွင် ဟောပြောမှုများကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ - (က)ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။

ဦးဝီရသူ၏ ဟောပြောချက်အချို့တွင် အစိုးရအား မလေးစားစေရန်၊ အကြည်ညို ပျက်စေရန် ဟောပြောချက်များ ပါဝင်သောကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးမှ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မနှင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါအမှုသည် စွပ်စွဲခံရသူမှ ရုံးတော်ရှေ့မှောက်သို့ ရောက်လာခြင်းမရှိသောကြောင့် မျက်ကွယ်တွင် စစ်ဆေး ရန် တရားရုံးမှ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး တရားလိုပြသက်သေ ကိုးဦးထိ စစ်ဆေးပြီးကြောင်း သိရသည်။ နောက် ထပ်ရုံးချိန်းကို စက်တင်ဘာလ ၂၃ရက်နေ့ကို ချိန်းဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly