ဒုက္ခသည် ဖြစ်နေတာကြောင့် ကျောင်းသူတစ်ဦးကို ဘင်္ဂလားဒေ့ရှ်တက္ကသိုလ်က ကျောင်းထုတ်

By AFP
09 September 2019
ဒုက္ခသည် ဖြစ်နေတာကြောင့် ကျောင်းသူတစ်ဦးကို ဘင်္ဂလားဒေ့ရှ်တက္ကသိုလ်က ကျောင်းထုတ်

စက်တင်ဘာ ၉ ။        ။ ဒုက္ခသည် (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ)တစ်ဦး ဖြစ်နေလို့ ဆိုပြီး ကျောင်းသူတစ်ဦးကို ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်တစ်ခုက ကျောင်းဆက်တက်ခွင့်မပေးဘဲ ကျောင်းထုတ်လိုက်ကြောင်း တာဝန်ရှိသူတွေက စက်တင်ဘာ ၈ ရက်မှာ ပြောပါတယ်။

အဆိုပါ ဒုက္ခသည်တွေကို မြန်မာထံ ပြန်ပို့ရေးအတွက် ဒုတိယအကြိမ် ကြိုးပမ်းရာမှာ အောင်မြင်မှု မရခဲ့တဲ့နောက် ဘင်္ဂလားဒေ့ရှ်မှာတော့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ စိတ်မရှည်မှုတွေက ပိုမိုကြီးထွားလာနေတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်ထဲကို မွတ်ဆလင်လူနည်းစု ၇၄၀,၀၀၀ တို့ ထွက်ပြေးခဲ့တာ ဖြစ်ပြီး ယင်းဧရိယာမှာ မူလရှိရင်းစွဲ ဘင်္ဂါလီ နှစ်သိန်းနဲ့ ပူးပေါင်းနေထိုင်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ တရားဝင် ပညာသင်ကြားရေးစနစ်မှာ ဒုက္ခသည်တွေကို သင်ကြားခွင့် တားမြစ်ထားတာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ဒုက္ခသည် အမျိုးသမီး ရာဟီမာအက်ခ်တာကို ကျောင်းတက်ခွင့် မပေးဘဲ ဆိုင်းငံ့လိုက်တာ ဖြစ်ကြောင်း ကော့ဇ်ဘဇားအပြည်ပြည်ဆိုင်ရာတက္ကသိုလ်က ထုတ်ပြန်ပါတယ်။

သူမဟာ အထောက်အထားနဲ့ ကျောင်းအပ်နှံခဲ့မှုကိစ္စကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

“ ဒုက္ခသည်(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ)တွေဟာ ကျွန်တော်တို့ တက္ကသိုလ်မှာ တက်ရောက်ခွင့် မရှိပါဘူး၊  ဘာလို့ဆိုတော့ သူတို့ဟာ ဒုက္ခသည်တွေ ဖြစ်နေလို့ပါ” လို့ ပညာရေးအဖွဲ့အစည်းရဲ့အကြီးအကဲ အဘူလ် ကက်စ်ဟမ်းက ပြောသွားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly