မြန်မာ-ဂျပန် ဘောလုံးပွဲစဉ် ကြိုတင်လက်မှတ်များကို ရောင်းချနေ

မြန်မာ-ဂျပန် ဘောလုံးပွဲစဉ် ကြိုတင်လက်မှတ်များကို ရောင်းချနေ
လက်မှတ်ခ နှုန်းထားများမှာ အထူးတန်း ကျပ် ၃၀၀၀၊ ရိုးရိုးတန်း ကျပ် ၁၀၀၀ သတ်မှတ်ထားပြီး တစ်ယောက်လျှင် ၂ စောင် သတ်မှတ်ထားသော်လည်း  Online မှ လက်မှတ်ဝယ်ယူရာတွင် ယခင်ထက်ပိုပြီး အရေအတွက် တိုးမြှင့်ဝယ်ယူနိုင်ကြောင်း MFF မှ ထုတ်ပြန်ထားသည်။

ရန်ကုန်၊ စက်တင်ဘာ ၉ ။             ။ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်း နှင့် ဂျပန်လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွက် ကြိုတင်လက်မှတ်များကို  စက်တင်ဘာ ၉ ရက်နေ့တွင် လှည်းတန်းစင်တာနှင့် Online Tickets တို့တွင်သာ ရောင်းချပေးသွားမည် ဖြစ်သည်။

လှည်းတန်းစင်တာတွင် ယနေ့ နံနက်ပိုင်းမှ ညနေ ၆ နာရီအထိ ရောင်းချပေးနေမည်  ဖြစ်ပြီး Online Tickets များကို Myanmar Football Federation( MFF) ဖေ့ဘွတ်ပေ့ချ်မက်ဆင်ဂျာတွင် ဝယ်ယူနိုင်မည်ဟု သိရသည်။

လာမည့် စက်တင်ဘာ ၁၀ ရက်၊ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ ဘောလုံးကွင်း၌ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွက် မြန်မာအသင်းနှင့်ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

MFF မက်ဆင်ဂျာကနေ ဆက်သွယ်ဝယ်ယူမည် ဆိုပါက ငွေပေးချေမှုကို MPU ကတ်မှ လွယ်ကူစွာ ငွေပေးချေနိုင်ပြီး g & g စတိုးဆိုင်များတွင် ငွေပေးချေနိုင်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်ကို လာရောက်အားပေးမည့် ပရိသတ်များအပြန်ခရီးစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ YBS ယာဉ်အစီး ၅၀ အခမဲ့စီစဉ်ပေးထားမည် ဖြစ်သည်။

အိမ်အပြန်ခရီးစဉ်အတွက် ကားအစီးရေ ၅၀ စီးကို ဘောလုံးကွင်းမှ သာကေတ/ကျောက်တိုင်-ဆူးလေ ၁၀ စီး၊ ဘောလုံးကွင်းမှ စံပြစျေး -၇/၈ လမ်းဆုံ-ဒဂုံတက္ကသိုလ် ၁၀ စီး၊ တောင်/မြောက်လမ်းဆုံ-လှော်ကား ၁၀ စီး၊ ဝေဇယန္တာ-ခြောက်ကွေ့ ၁၀ စီး၊ ရန်ကင်း-လှည်းတန်း-သမိုင်းလမ်းဆုံ ၁၀ စီး အသီးသီး ဖြစ်သည်။

အဆိုပါ ဘောလုံးပွဲစဉ်ကို လာရောက်အားပေးကြမည့် မြန်မာပရိသတ်များ အိမ်အပြန်ခရီးအတွက် အခမဲ့ ယာဉ်စီးနင်းနိုင်ရန် MFF နှင့် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly