မိုးစပါးစိုက်ပျိုးရေမလုံလောက်သဖြင့် တောင်သူများ အခက်အခဲဖြစ်နေ

မိုးစပါးစိုက်ပျိုးရေမလုံလောက်သဖြင့် တောင်သူများ အခက်အခဲဖြစ်နေ
(ဓာတ်ပုံ ကိုကိုအောင် -မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၉ ။             ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာသစ်တွင် မိုးစပါး စိုက်ပျိုးရေ လုံလောက်စွာ မရရှိခြင်းကြောင့် ဧက ၃ဝဝနီးပါးစိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ဟု ၎င်းကျေးရွာမှ တောင်သူ များကပြောသည်။

အဆိုပါဒေသတွင် နွေစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေကို ဇူလိုင်လပိုင်းမှစတင်၍ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ရေစုတ်စက်(ပန့်)များဖြင့် ဖြန့်ဝေပေးနေသော်လည်း လုံလောက်စွာ မပေးခြင်း ကြောင့် အခြောက်စိုက်ပျိုး နည်းဖြင့် ခက်ခဲစွာ စိုက်ပျိုးနေရကြောင်း သိရသည်။

"စိုက်ရေ မရတော့ အခြောက်စိုက်နေရတယ်။ဖြစ်မယ် မဖြစ်ဘူးဆိုတာ မသိရဘူး။ရေကတော့ အခုချိန်ထိ မရဘူး။သက်ဆိုင်ရာပြောလည်းမရဘူး။အခုကတော့ ရေမရတော့ အကုန်ဒုက္ခဖြစ်တာပေါ့။"ဟု တောင်သူ ဦးခင်မောင်ဦးကပြောသည်။

မိုးစပါးကို ဇူလိုင်လမှစတင်စိုက်ပျိုးခဲ့သော်လည်း စိုက်ပျိးရေ လုံလောက်စွာ မရရှိခြင်းကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့အထိ စိုက်ပျိုးထားသည့် စပါးပင်များမှာ ဖြစ်ထွန်းမှုမရှိဘဲ တောင်သူများအခက်တွေ့နေခြင်း ဖြစ်သည်။

"ရေမရှိတော့ ပေါင်းသတ်ဆေးက သုံးကြိမ်လောက်သုံးရတယ်။ရေရှိရင် ပေါင်းသတ်ဆေး တစ်ကြိမ်ပဲ သုံးရ တယ်။အခုက သုံးကြိ်မ်ဆိုတော့ ကုန်ကျငွေလည်းများတယ်။ ခုနစ်လပိုင်းမှာ စစိုက်တယ်။ ရှစ်လ ပိုင်းဆိုပြီးပြီ။ အခု ရေလိုနေတယ်။ပန့်က လွှတ်တော့လွှတ်တယ်။ရေမလုံလောက်ဘူး။အခုလိုရေမရောက်တာကို သက်ဆိုင်ရာအဖွဲ့များအနေဖြင့် ကွင်းဆင်း စစ်ဆေးပေးစေချင်တယ်။"ဟု လယ်လေးဧက စိုက်ပျိုးထားသည့် ဦးဝင်းဌေးကပြောသည်။

စိုက်ပျိဳးရေ လုံလောက်စွာ ရရှိရေးအတွက် ဒေသခံတောင်သူများအနေဖြင့်သက်ဆိုင်ရာသို့ အကြိမ်ကြိ်မ် သွားရောက် တင်ပြမှုများ ပြုလုပ်သော်လည်း ယနေ့အချိန်အထိ ရေလုံလောက်စွာ မရရှိသေးကြောင်း ဦးဝင်းဌေးက ဆက်ပြောသည်။

ထိုသို့ စိုက်ပျိုးရေလုံလောက်စွာ မရရှိခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာနများသို့ တင်ပြဆောင်ရွက်ပေး သွားမည်ဟု မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးကပြောသည်။"ဆည်မြောင်းနဲ့ညှိပြီးတော့ ရေပေးဖို့ခက်တဲ့ဟာတွေရအောင် လုပ်နေပါတယ်။"ဟု ၎င်းကပြောသည်။

ဒေသခံတောင်သူများအနေဖြင့် အမြန်ဆုံး စိုက်ပျိုးရေလုံလောက်စွာရရှိရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် ဆောင်ရွက်ပေးရန် လိုလားလျက်ရှိကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required