ဟောင်ကောင်ကျောင်းသားတွေ လူသားကွင်းဆက် ပုံစံလုပ်ပြီး ဆန္ဒထုတ်ဖော်

By AFP
09 September 2019
ဟောင်ကောင်ကျောင်းသားတွေ လူသားကွင်းဆက် ပုံစံလုပ်ပြီး ဆန္ဒထုတ်ဖော်

စက်တင်ဘာ ၉ ။             ။ ဟောင်ကောင်မှာ ထောင်နဲ့ချီတဲ့ အလယ်တန်းကျောင်းသားတွေဟာ စက်တင်ဘာ ၉ ရက်မှာ လူသားကွင်းဆက် ပုံစံလုပ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

ဒါဟာ ဟောင်ကောင်မှာ နောက်ထပ် သီတင်းပတ်ကုန် ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ပြီးနောက် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုကို ထောက်ခံသောအားဖြင့် ခုလို ကျောင်းသားတွေ လူသားကွင်းဆက်ပုံ ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟောင်ကောင် တစ်ဝှမ်း အလယ်တန်းကျောင်းတွေက ကျောင်းသား၊ ကျောင်းသူ ထောင်နဲ့ချီဟာ ဘေးချင်းယှဉ်လျက် လက်ချင်းချိတ်ပြီး လူသားကွင်းဆက်ပုံစံ ဖော်ကာ ၎င်းတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသခဲ့ပါတယ်။

ကြမ်းတမ်းတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့လို့ စက်တင်ဘာ ၈ ရက်မှာ ပိတ်ထားခဲ့ရတဲ့ မြေအောက် ဘူတာရုံတွေဟာလည်း စက်တင်ဘာ ၉ ရက်မှာ ပြန်ဖွင့်ခဲ့တယ်ဆိုပေမယ့် အဆိုပါ အာရှ ဘဏ္ဍာရေး အချက်အချာ မြို့မှာတော့ တင်းမာမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ထောင်နဲ့ချီတဲ့ ဟောင်ကောင် ဆန္ဒပြသူတွေဟာ မြို့တွင်း အကျပ်အတည်းတွေကနေ လွတ်မြောက်စေရေး ကူညီဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်းဆိုခဲ့ပြီးနောက် ယခင်ဗြိတိသျှ ကိုလိုနီဟောင်းဖြစ်ခဲ့တဲ့ ဟောင်ကောင်ပြည်တွင်းရေးမှာ ပြင်ပက ဝင်မစွက်ဖက်ဖို့ကိုလည်း ဟောင်ကောင် အစိုးရက သတိပေးသွားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly