နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းသား ၅ဦး အိန္ဒိယတွင် ရေအရင်းမြစ်ထိန်းသိမ်းမှု နည်းပညာရပ်များ သွားရောက် သင်ကြားမည်

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းသား ၅ဦး အိန္ဒိယတွင် ရေအရင်းမြစ်ထိန်းသိမ်းမှု နည်းပညာရပ်များ သွားရောက် သင်ကြားမည်

ရန်ကုန်၊ အောက်တိုဘာ ၁၄ ။ ။ ရေအရင်းမြစ် စီမံခန့်ခွဲမှု၊ ရေအရင်းမြစ်ထိန်းသိမ်းမှု နည်းပညာရပ်များ သင်ကြားရန် အိန္ဒိယသံရုံးက ကမ်းလှမ်းမှုဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သင်တန်းသား ၅ဦး အိန္ဒိယ နိုင်ငံတွင် ၅ရက်ကြာ သွားရောက် သင်ကြား တက်ရောက်မည် ဖြစ်သည်။

ထိုသို့ ရေအရင်းမြစ် ထိန်းသိမ်းမှု နည်းပညာရပ်များ သင်ကြားရန် အတွက် အိန္ဒိယ သံအမတ် မှ  နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက "အိန္ဒိယ သံအမတ် ကမ်းလှမ်းမှုနဲ့ မြန်မာနိုင်ငံမှာ ရေဘေး ဒုက္ခဖြစ်တာ ရေဘေး ဒုက္ခ ဖြစ်တာထက် ရေရှားပါးမှုအတွက် ရေနောက်ကနေ ရေသန့်ဖြစ်အောင် နည်းပညာတွေ သင်ပေးဖို့ ကျွန်တော်တို့ အသင်းက ၅ယောက်ကို အိန္ဒိယကို စေလွှတ်ပြီး သင်ကြားပေးဖို့အတွက် သံအမတ်ကြီးကို လာရောက် တွေ့ဆုံတာပါ။ ပိုပြီးတော့ လုပ်ပိုင်ဖို့ အခွင့်အရေး ရလာမယ် နည်းစနစ်တွေ သိလာမယ်။ ဒါတိုင်းပြည်အတွက် ပြည်သူပြည်သား အတွက် အကျိုးရှိမယ့် အလုပ်ဆို ကျွန်တော်တို့က သွားဖို့က အသင့်ပဲ" ဟု ပြောသည်။

အဆိုပါ တွေ့ဆုံမှုတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့်အတူ အိန္ဒိယ သံအမတ်Gautam Mukhopadhaya တို့သည် ရေအရင်းမြစ် နှင့် ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၏ နာမည်ကြီး သရွန်းဘားတားဆန်း (TBS)ဟု ခေါ်သည့် အဖွဲ့အစည်းမှ ဥက္ကဋ္ဌက မစ္စတာ ရာဂျစ်သရန်ဆင်းမှ သင်ကြားပေးမည် ဖြစ်သည်။ TBS မှ အိန္ဒိယတွင် ရေကို ဘယ်လို ထိန်းသိမ်းမယ်၊ ရေဝေကြောတွေ ဘယ်လို ထုတ်ယူမည် ဆိုတာတွေကို ပြုလုပ်လျက် ရှိသည့် အဖွဲကအစည်း တစ်ခု ဖြစ်သည်။

အိန္ဒိယသံရုံး၏ First Secretary Development Cooperation မှ Dr. Neil Jain က "ကျနော်တို့ TBS နဲ့ ညှိနှိုင်းကြည့်တဲ့အခါ TBS ကလည်း FFSSက စေတနာ့ဝန်ထမ်းတွေကို လေးရက်တာ သင်ကြားပေးဖို့ ဝမ်းမြောက် ဝမ်းသာ လက်ခံပါတယ်။ အိန္ဒိယကိုသွားမယ့် သူတို့အနေနဲ့ အဲဒီက အခြေအနေကို နားလည်ဖို့လိုတယ်။ ရေဝေကြောတွေ ဘယ်လိုထုတ်ယူနေတယ်ဆိုတာကို သိဖို့လိုတယ်။ ရေကို ဘယ်လိုထိန်းသိမ်းနေတယ်ဆိုတာ သိဖို့လိုတယ်။ ကြီးကြီးမားမား မရင်းနှီးဘဲ၊ အစိုးရရဲ့ အထောက်အပံ့မပါဘဲ ရပ်ကျေးမြို့နယ်အဆင့်မှာ ရေကို ဘယ်လို ရိုးရိုးရှင်းရှင်း ထုတ်ယူနေတယ်ဆိုတာကို နားလည်ဖို့လိုတယ်။ အိန္ဒိယ ဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာတွေ သိလာမယ်။ ဒါမှ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက် လာနိုင်မယ်။ အခြားကဏ္ဍတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှာလည်း ပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်။ သင်တန်းကြေး နေထိုင်စရိတ် အစိုးရပဲ အပြည့်အဝထောက်ပံ့ပေးမှာပါ" ဟု ပြောသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သင်တန်းသား ၅ဦး အိန္ဒိယနိုင်ငံသို့ အောက်တိုဘာ ၁၇ရက်တွင် စတင် သွားရောက်မည် ဖြစ်ပြီး ၅ရက်ကြာမြင့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly