လျှို့ဝှက်လုပ်ဆောင်ရန် စီစဉ်ထားခဲ့သည့် အာဖဂန် ငြိမ်းချမ်းရေး အစည်းအဝေး ဒေါ်နယ်ထရမ့် ဖျက်သိမ်း

လျှို့ဝှက်လုပ်ဆောင်ရန် စီစဉ်ထားခဲ့သည့် အာဖဂန် ငြိမ်းချမ်းရေး အစည်းအဝေး ဒေါ်နယ်ထရမ့် ဖျက်သိမ်း

စက်တင်ဘာ ၈ ။        ။ အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးအတွက် အာဖဂန်သမ္မတ အာရှက် ဂါနီ ၊ တာလီဘန် အဆင့်မြင့်ခေါင်းဆောင်တွေနဲ့အကြား လျှို့ဝှက် အစည်းအဝေးတစ်ခု ပြုလုပ်ရန် စီစဉ်ထားခဲ့ပေမယ့် ယခုအခါ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၇ ရက်မှာ ပြောပါတယ်။

မေရီလန်းမှာ ရှိတဲ့ သမ္မတ အပန်းဖြေစခန်း Camp David မှာ အဆိုပါ အစည်းအဝေးတစ်ခုကို စက်တင်ဘာ ၈ ရက်မှာ တိတ်တဆိတ် လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ယခုအခါ ပျက်ပြားခဲ့ပြီဖြစ်ကြောင်း ထရမ့်က ပြောပါတယ်။

ဒါဟာ မကြာသေးခင်က အမေရိကန်စစ်သားတစ်ဦး သေဆုံးခဲ့တဲ့ ကဘူးလ်မြို့  တိုက်ခိုက်မှုတစ်ခုဟာ  ၎င်းတို့လက်ချက်ဖြစ်ကြောင်း တာလီဘန်တို့က ဝန်ခံခဲ့ပြီးနောက် ခုလို အစည်းအဝေးကို ထရမ့်က ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကတော့ တာလီဘန်တို့နဲ့အကြား မူအားဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိထားကြောင်း အမေရိကန် ညှိနှိုင်းရေးမှူး ဇယ်လ်မေ ခါလစ်ဇက်က ကြေညာထားခဲ့ပါတယ်။

ဒါဟာ အမေရိကန်နဲ့ တာလီဘန် ကိုယ်စားလှယ်တွေအကြား ကာတာ မြို့တော် ဒိုဟာမှာ ဆွေးနွေးပွဲ ကိုးကြိမ် လုပ်ဆောင်ခဲ့ပြီးနောက် ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုပြုထားခဲ့တဲ့ သဘောတူညီချက်အရ အမေရိကန်တို့အနေနဲ့ သီတင်းပတ် ၂၀ အတွင်း အာဖဂန်ကနေ တပ်ဖွဲ့ဝင်အင်အား ၅,၄၀၀ ကို ပြန်ရုပ်သိမ်းရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြီးသတ်အတည်ပြုမှုက သမ္မတထရမ့်အပေါ် မူတည်နေဆဲလို့ မစ္စတာ ခါလစ်ဇက်က ပြောထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly