ရန်ကုန်၊စက်တင်ဘာ ၇ ။ ။ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ယာယီရပ်နားထားရသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးကို ယခုအခါ ပုံမှန်စတင်လာနိုင်လာတော့မည့် အခြေအနေတွင်ရှိကြောင်း မူဆယ်အခြေစိုက် ကုန်သည်များကဆိုသည်။
“မူဆယ်ကုန်သွယ်ရေးက ပုံမှန်နီးနီးတော့ ပြန်ဖြစ်သွားပြီ။ စစ်ဖြစ်နေတဲ့ အတောအတွင်းမှာလည်း နားစွင့်လိုက်၊သွားလိုက်လုပ်နေရတာပေါ့။ အခုအနေအထားကတော့ ပုံမှန်လေးပြန်ဖြစ်သွားတယ်။ နှစ်ရက်၊သုံးရက်လောက်ရှိပြီ”ဟု ခွာညိုသစ်သီးပွဲရုံ(မှုဆယ်)မှ ဦးစိုင်းခင်မောင်ကဆိုသည်။
တရုတ်- မြန်မာ အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မန္တလေး-နောင်ချို- ကျောက်မဲလမ်းပိုင်းရှိ ဂုတ်တွင်းတံတားသည် သြဂုတ်လ ၁၅ရက်နေ့က မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့၏ မိုင်းခွဲဖျက်ဆီးခြင်းကို ခံခဲ့ရပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကုန်တင်ယဉ်များနှင့် ခရီးသွားလာသူများအတွက် ယာယီဖြတ်သန်း နိုင်ရန် အရေးပေါ်ပြင်ဆင်မှုပြုလုပ်ပေးခဲ့သည်။
အဆိုပါတံတားမှ လက်ရှိအချိန်တွင် ၃၆တန်အထိ ကားများသာ ဖြတ်သန်းသွားလာနိုင်ပြီး၊ မကြာမီ ရက်ပိုင်း အတွင်း ပုံမှန်တွဲကားများပါ ဖြတ်သန်းသွားလာနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
“တံတားရဲ့ ကြံခိုင်မှုကို ပိုပြီးတိုးမြှင့်လိုက်တဲ့အတွက် မကြာခင် ဒီတစ်ရက်နှစ်ရက်အတွင်းမှာ တွဲကားတွေလဲ ပြန်ဖြတ်လို့ရတော့မယ်။ တနင်္လာနေ့လို့ကြားတယ်။ တိုက်ပွဲအခြေအနေတွေကလည်း စက်တင်ဘာ ၄ရက် နေ့လောက်ကစပြီး ငြိမ်သွားတယ်” ဟု ၄င်းကဆက်လက်ပြောဆိုသည်။
မှုဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သည် ပုံမှန်ပျဉ်းမျှတစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၅သန်းဝန်းကျင် ကုန်သွယ်မှုပြုလုပ်လျက်ရှိပြီး အဆိုပါကုန်သွယ်ရေးလမ်းကြောင်းသည် လုံခြုံရေးအခြေအနေများကြောင့် ပို့ကုန်တင်ပို့နို်င်မှုအပြင် သွင်းကုန်ပိုင်းတွင်လည်း ထိခိုက်နစ်နာမှုများရှိခဲ့သည်။
“ဒီလမ်းလုံခြုံရေးကို တပ်မတော်က ပိုက်စိပ်တိုက် တာဝန်မပေးနိုင်ဘူးလို့တော့ တရားဝင် ကြေညာသွား တယ်လေ။ ကုန်သွယ်ရေးလုပ်နေတဲ့သူတွေကတော့ ကိုယ်အလုပ်ကို ဆက်လုပ်နေရ တာပဲပေါ့။ ပုံမှန် အခြေအနေတော့ မရောက်သေးဘူး။ ကားအဝင်ကတော့ နည်းသေးတာပေါ့။ တိုက်ပွဲအခြေအနေကတော့ လောလောဆယ်တော့ရပ်နေတယ်။ ဘယ်ချိန်ထဖြစ်မယ်တော့မသိသေးဘူး” ဟု မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်မိုရ် ကဆိုသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံပေါင်း ၂၀၀ ကျော်အနက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန် သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ မှုဆယ်ကုန်သွယ်ဇုန်မှ အဓိကအများဆုံးကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်သည်။
မြန်မာ-တရုတ် ကုန်သွယ်မှုမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀,၈၀၄ သန်းကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁,၇၈၆ သန်းကျော်ရှိခဲ့သည်။ ယခုဘဏ္ဍာနှစ်အစ အောက်တိုဘာလ ၁ရက်နေ့မှ သြဂုတ်လ ၃ဝရက်နေ့အထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်၊သွင်းကုန် အမေရိကန်ဒေါ်လာ ၄၅၃၅သန်းကျော်ကို ကုန်သွယ်မှုပြုလုပ်ထားပြီး၊ယင်း ပမာဏမှာ ယခင်နှစ်ကာလတူ ကုန်သွယ်မှုနှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၁၄၉သန်းကျော်တန်းဖိုး လျှော့ကျခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/