စက်လှေစီးနင်းသည့် ခရီးသည်များ အသက်ကယ်အင်္ကျီဝတ်ဆင်ထားခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေး

စက်လှေစီးနင်းသည့် ခရီးသည်များ အသက်ကယ်အင်္ကျီဝတ်ဆင်ထားခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေး
ဓာတ်ပုံ ဦးအေးလှိုင်ဦး(မင်းတုန်း)

မကွေး၊စက်တင်ဘာ ၇ ။        ။ မကွေးတိုင်းဒသကြီး၊ မင်းတုန်းမြို့ ၊ မင်းတုန်းချောင်းတွင်ပြေးဆွဲနေသော ခရီးသည်ပို့ဆောင်ရေး စက်တပ်ရေယာဉ်များတွင် ခရီးသွားပြည်သူများအတွက် အန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်ထားခြင်းရှိ၊မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

“စက်လှေမှောက်ပြီး ကလေးတွေသေသွားလို့ နောက်ပိုင်းလေးတွေမှာ ကျွန်တော်တို့လည်း နည်းနည်း လေး တော့ အားသွန်ခွန်စိုက်လုပ်ပြီး စစ်ဆေးနေပါတယ်။ အရေးယူတဲ့အပိုင်းကတော့ စည်းကမ်းချက်တွေ အတိုင်း လုပ်မယ်”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအေးလှိုင်ဦးက ပြောသည်။

မင်းတုန်းမြို့ မြောက်ဘက်(၃)မိုင် ကွာဝေးသော မထုံးချောင်းတွင် ယခုနှစ် ဇူလိုင်(၁၂)ရက် နေ့လယ်ပိုင်းက စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကျောင်သူ(၄)ဦး သေဆုံးခဲ့သည်။ထို့နောက် အဆိုပါဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေးအတွက် စက်လှေများတွင် သတ်မှတ်ခရီးသည် အရေအတွက်အတိုင်း တင်ဆောင်ခြင်းရှိမရှိ၊ အသက်ကယ် အင်္ကျီဝတ်ဆင်ခြင်းရှိမရှိ ၊ ဘောကွင်းများ ၊ထိုးဝါးများ ၊ စက်လှေယာဉ်လိုင်စင် နှင့် ယာဉ်မောင်း လိုင်စင်ရှိ/မရှိ အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

"ပြီးခဲ့တဲ့တစ်လကျော်က စက်လှေတစ်စီးဟာ တင်နိုင်တဲ့ဝန်အားထက်ပိုပြီးတင်လို့ စက်လှေနစ်ပြီး ကျောင်းသူ လေးဦးဆုံးသွားတယ်။ အဲဒါကြောင့် တိုင်းအစိုးရနဲ့ တိုင်းစည်ပင်က ညွှန်ကြားချက်တွေအတိုင်း နိုင်တဲ့ဝန်အားပဲ တင်ပြီး စက်မောင်းတဲ့သူအပါအဝင် ခရီးသည်အားလုံးက အသက်ကယ်အင်္ကျီဝတ်ရမယ်။ ချည်ကြိုးတွေ ၊ ဘောကွင်းတွေ ၊ ထောက်ဝါးတွေပါရမယ် ဆိုတာကို တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး စစ်ဆေးမှုတွေ လုပ်နေရခြင်း ဖြစ်ပါတယ်” ဟု မင်းတုန်းမြို့ နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ပြောသည်။

စက်လှေမောင်းသူများအနေဖြင့် အစိုးရအဖွဲ့ကထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုမလိုက်နာပါက ပြေးဆွဲခွင့် လိုင်စင်များကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့ နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly