ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် NCA မှသွေဖယ်သွား၍မရဟု NRPC ဒုဥက္ကဋ္ဌပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် NCA မှသွေဖယ်သွား၍မရဟု NRPC ဒုဥက္ကဋ္ဌပြော

ရန်ကုန်၊ စက်တင်ဘာ  ၇ ။         ။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) မှနေ၍ သွေဖယ်ဆောင်ရွက်၍မရကြောင်း NRPC ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တိုက်တွန်းပြောဆိုလိုက်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးတွင် NRPC ကိုယ်စားလှယ် များနှင့်ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်တို့တွေ့ဆုံချိန် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA ကို မဏ္ဍိုင်ပြုပြီးပေါ်ပေါက်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ NCA ကနေ သွေဖယ်လို့တော့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ဖြစ်ပေါ်နေသော တစ်ဆို့မှုများကိုလည်း အစိုးရနှင့် တိုင်းရင်းသား အားလုံးလက်တွဲဖြေရှင်းရမည်ဟုလည်း ဦးထွန်းထွန်းဦး ကပြောသည်။

“ဒီကနေ့ ကျွန်တော်တို့ ဒီဆွေးနွေးပွဲကNCA အကောင်အထည်ဖော်မှုကို လက်တွေ့ကျကျနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ရှိနေတဲ့အနေအထားနဲ့ ကိုက်ညီအောင် အကောင်အထည်ဖော်ဖို့။ ဆိုလိုတာက နိုင်ငံရေးအရ၊ စစ်ရေးအရကိစ္စတွေဖြစ်ပါတယ်။ ဒီလိုအောင်မြင်အောင်ဆောက်ရွက်ဖို့က ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ညှိနှိုင်းပြီး လိုလားတဲ့ငြိမ်းချမ်းရေးရရှိမှာဖြစ်ပါတယ်” ဟု KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောကွယ်ထူးဝင်း ကဆိုသည်။

NCA လမ်းစဉ်သည် ငြိမ်းချမ်းရေးရရှိနိုင်မည့်လမ်းကြောင်းတစ်ခုဆိုသည်ကို လက်ခံထားသော်လည်း အပစ်အခတ်ရပ်စဲရေးခိုင်မာစေရန် ဆောင်ရွက်ဖို့လို အပ်သေးကြောင်း ၎င်းကဆိုသည်။
သြဂုတ် ၂၀ ရက်နေ့တွင် PC နှင့် KNU တို့ ချင်းမိုင်တွင်တွေ့ဆုံဆွေးနွေးမှုအပြီးတွင် KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ ထပ်မံတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ယခုဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရှေ့ဆက်ရန်ကိစ္စအပြင် ပင်လုံအစည်းအဝေး ခေါ်ယူနိုင်ရေးတို့ဖြင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း သိရသည်။
စက်တင်ဘာ ၇ ရက်နေ့အစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးဆောင်သည့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့နှင့် ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်တို့ တက်ရောက်လာခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly