အိန္ဒိယ လဆင်းယာဉ် မြေပြင်အာကာသစခန်းနဲ့ အဆက်အသွယ် ပြတ်

အိန္ဒိယ လဆင်းယာဉ် မြေပြင်အာကာသစခန်းနဲ့ အဆက်အသွယ် ပြတ်

နယူးဒေလီ၊ စက်တင်ဘာ ၇ ။         ။ အိန္ဒိယရဲ့ Chandrayaan -2 အာကာသယာဉ် Vikram လဆင်းယာဉ်ဟာ လမျက်နှာပြင်ပေါ် ဆင်းသက်ချိန် မြေပြင်ထိန်းချုပ်စခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားကြောင်း အိန္ဒိယ အာကာသအေဂျင်စီက စနေနေ့မှာ ကြေညာပါတယ်။

“Vikram လဆင်းယာဉ်ဟာ အမှားအယွင်း တစ်စုံတစ်ရာ မရှိဘဲ လမျက်နှာပြင်ဆီ ပုံမှန် ဆင်းသက်နေတာပါ။ ဒါပေမယ့် လမျက်နှာပြင်ဆီ ရောက်ဖို့ အကွာအဝေး ၂ ဒသမ ၁ ကီလိုမီတာ အရောက်မှာ အဆက်အသွယ် မြေပြင်ထိန်းချုပ်စင်တာနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာဖြစ်ပါတယ်။”လို့ အိန္ဒိယ အာကာသသုတေသနအဖွဲ့ ISRO က ထုတ်ပြန်ပါတယ်။

“လမျက်နှာပြင်ဆီ ခုလို နှစ်ကီလိုမီတာလောက် အကွာအဝေးမှာ အဆက်အသွယ် ပြတ်တောက်သွားတာဖြစ်ပြီး ခုချိန်မှာ အချက်အလက်ဒေတာတွေကို ပြန်လည်စိစစ်နေပါတယ်။”လို့ ISRO ဥက္ကဌ ကေစီဝန်က ပြောပါတယ်။

Vikram လဆင်းယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာဟာ နံနက် ၂ နာရီ မိနစ် ၂၀ မှာ ဖြစ်ပြီး လမျက်နှာပြင်ဆီ စပြီး ဆင်းသက်ချိန် မိနစ် ၂၀ လောက်အကြာမှာ ခုလို အဆက်အသွယ် ပြတ်တောက််သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဘန်ဂါလူရူတောင်ပိုင်းမြို့ဆီ ရောက်ရှိနေပြီး လမျက်နှာပြင်ဆီ လဆင်းယာဉ် ဆင်းသက်တာကို စောင့်ကြည့်နေတဲ့ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ISRO အသင်းအဖွဲ့သားတွေကို အားပေးစကား ပြောကြားပါတယ်။

“လောကမှာ အနိမ့်အမြင့်ဆိုတာ ရှိတာပါပဲ။ ခုလို အဆင့်ရောက်တာလည်း ပမွှားလေး မဟုတ်ပါ။ နိုင်ငံက ခင်ဗျားတို့အတွက် ဂုဏ်ယူနေပါတယ်။ အကောင်းဆုံးကို မျှော်လင့်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခင်ဗျားတို့ကို ချီးမွှမ်းဂုဏ်ပြုရပါတယ်။”လို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

“ခင်ဗျားတို့ အားလုံးဟာ နိုင်ငံအတွက်၊ သိပ္ပံပညာအတွက်၊ လူသားတွေအတွက် ကြီးကြီးမားမား တာဝန်ထမ်းခဲ့တာပါပဲ။ ကျွန်တော် ခင်ဗျားတို့နဲ့ အတူ ရှိနေပါတယ်။ သတ္တိရှိရှိ ရှေ့ဆက်ကြပါတယ်။”လို့ မိုဒီက ဖြည့်စွက်ပြောပါတယ်။

 

အိန္ဒိယရဲ့ လကမ္ဘာမစ်ရှင် Chandrayaan -2 အာကာသယာဉ်ကို ဇူလိုင် ၂၂ ရက်က လွွှတ်တင်ခဲ့တာဖြစ်ပြီး သြဂုတ် ၂၀ မှာ လကမ္ဘာဂြိုဟ်ပတ်လမ်းထဲ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly