ဆော်ဒီရောက် မြန်မာများက မွန်နှင့်တနင်္သာရီရေဘေးအတွက် ငွေလှူဒါန်း

ဆော်ဒီရောက် မြန်မာများက မွန်နှင့်တနင်္သာရီရေဘေးအတွက် ငွေလှူဒါန်း
ဓာတ်ပုံ-MOFA

စက်တင်ဘာ ၇ ။           ။ မွန်ပြည်နယ်နှင့် တနင်္သာရီဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် ဆော်ဒီရောက် မြန်မာများက ဆော်ဒီ ရီရယ်ငွေ ၁၈,၀၀၀ (မြန်မာငွေကျပ် ၇,၂၀၀,၀၀၀ ခန့်) ကို မြန်မာသံရုံးမှတဆင့် လှူဒါန်းခဲ့သည်။

ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေန် ဆော်ဒီရောက် မြန်မာအသိုင်းအဝိုင်းက စက်တင်ဘာ ၅ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့ရှိ မြန်မာသံရုံးသို့ လာရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

မြန်မာသံရုံးအနေဖြင့် လက်ခံရရှိသည့် အလှူငွေများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနသို့ လွှဲပြောင်းပေးသွားမည်ဟု နိုင်ငံခြားရေးမှ ထုတ်ပြန်ထားသည်။

ယခုနှစ်တွင် မွန်ပြည်နယ်သည် ရေဘေးဒဏ် အခံရဆုံးဖြစ်ပြီး တစ်ပြည်နယ်လုံးအနေဖြင့် လူဦးရေ ၈၀၀၀၀ ထက်မနည်း ရေဘေးသင့်ခဲ့သည်။

တနင်္သာရီတွင်လည်း ရေဘေးသင့်မှုများ ပေါ်ပေါက်ခဲ့ကာ ရေဘေးသင့်သူများ အကူအညီ လိုအပ်နေဆဲ ဖြစ်သည်။

စက်တင်ဘာ ၅ ရက်အထိ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ကာ ၂၁ ပေ ၃ လက်မအထိ ရောက်ရှိနေပြီး ရေဘေး သင့်ပြည်သူလေးထောင်ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း တနင်္သာရီမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ထို့ပြင် မွန်ပြည်နယ်အတွင်းရှိ မြို့များတွင် ရေကြီး၊ ရေနစ်မြှပ်မှု ဖြစ်စဉ်အတွက် ပြန်လည်ထူထောင်ရေးကိစ္စ အများကြီးလိုအပ်နေသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က သြဂုတ် နောက်ဆုံးပတ်က ပြောဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly