ဦးနှောက်သေနေတဲ့ မိခင်ထံမှ သမီးမိန်းကလေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွား

By AFP
06 September 2019
ဦးနှောက်သေနေတဲ့ မိခင်ထံမှ သမီးမိန်းကလေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွား

စက်တင်ဘာ ၆ ။          ။ ချက်သမ္မတနိုင်ငံမှာတော့ လေးလနီးပါးကြာ ဦးနှောက်သေနေတဲ့ မိခင်တစ်ဦးထံကနေ ကျန်းမာတဲ့ ကလေးငယ်တစ်ဦးကို အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း ဆရာဝန်တွေက ပြောပါတယ်။

မိခင်ဖြစ်သူ ဦးနှောက်သေသွားပြီးနောက် ၁၁၇ ရက်အကြာမှာပဲ သူမဆီကနေ သမီးမိန်းကလေးဖြစ်သူကို အသက်ရှင်လျက် ခွဲစိတ်မွေးပေးနိုင်ခဲ့တာဖြစ်ကြောင်း ဘာနိုမြို့ တက္ကသိုလ်ဆေးရုံက ဆရာဝန်တွေက ပြောပါတယ်။

၄ ဒသမ ၇ ပေါင် ရှိ ကလေးငယ်လေးဟာ ဦးနှောက်သေ မိခင်တွေကနေ မွေးလာခဲ့ဖူးတဲ့ ကလေးတွေအနက် ပေါင်ချိန် အများဆုံး ကလေးငယ်တစ်ဦးဖြစ်ကြောင်း ယင်းဆေးရုံက မေ့ဆေးဌာန ဆရာဝန် ရိုမန် ဂဲလ်က ပြောပါတယ်။

မိခင်ဖြစ်သူကတော့ သူမ ကိုယ်ဝန် ၁၆ ပတ် ရောက်ချိန် ဧပြီလမှာ သွေးလွန်မှုတစ်ခုကြောင့် ဦးနှောက်သေသွားခဲ့တာ ဖြစ်ပါတယ်။

ယင်းနောက် ဆရာဝန်တွေက သူမရဲ့ နှလုံး၊ အဆုတ်၊ ကျောက်ကပ်နဲ့ အခြား ကိုယ်တွင်းအင်္ဂါတွေကို ဆက်လက် အလုပ်လုပ်နေအောင် ထိန်းချုပ်ပေးထားခဲ့ပြီး တစ်ဘက်မှာလည်း သန္ဓေသားကိုလည်း သေချာစောင့်ကြည့်ပေးခဲ့ကြပါတယ်။ သန္ဓေသား ဆက်လက်ကြီးထွားနေအောင်လို့လည်း မိခင်ဖြစ်သူရဲ့ ခြေထောက်တွေကို လမ်းလျှောက်သလိုဖြစ်အောင် ပုံမှန်လှုပ်ရှားပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်က အဆိုပါ ဦးနှောက်သေ မိခင်ထံကနေ သမီးမိန်းကလေးဖြစ်သူကို ကောင်းမွန်စွာ ခွဲစိတ်မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ယင်းနောက် စိတ်မကောင်းစွာနဲ့ပဲ မိခင်ဖြစ်သူကို ပေးထားတဲ့ အသက်ကယ် အထောက်အကူစနစ်ကို ဖြုတ်သိမ်းပြီး သူမကို ငြိမ်းချမ်းစွာ သေဆုံးခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ယခုအခါ အဆိုပါ ကလေးလေးကို အဒေါ်ဖြစ်သူက နို့တိုက်စောင့်ရှောက်ပေးနေလျက်ရှိပါတယ်။

အလားတူ ဖြစ်စဉ်မျိုးတစ်ခု ယခင်က ပေါ်တူဂီမှာလည်း ဖြစ်ခဲ့သေးပြီး ၂၀၁၆ ခုနှစ်က ခုလိုပဲ ဦးနှောက်သေ မိခင်တစ်ဦးထံကနေ သားယောကျ်ားလေးတစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly