ကဘူးလ်က အသေခံဗုံးခွဲမှု သေဆုံးသူ ၁၂ ဦးမှာ နိုင်ငံခြားသား စစ်သားနှစ်ဦး ပါဝင်

ကဘူးလ်က အသေခံဗုံးခွဲမှု သေဆုံးသူ ၁၂ ဦးမှာ နိုင်ငံခြားသား စစ်သားနှစ်ဦး ပါဝင်

ကဘူးလ်၊ စက်တင်ဘာ ၆ ။       ။ အာဖဂန်နစ္စတန် ကဘူးလ်မြို့တော်အလယ်ပိုင်း လုံခြုံရေး ထူထပ်တဲ့ အစိုးရရုံးဝင်းတစ်ခုကို ကြာသပတေးနေ့က တာလီဘန် အသေခံဗုံးခွဲတစ်ဦး ဖောက်ခွဲရေးပစ္စည်း အပြည့်တင်တဲ့ ကားနဲ့ မောင်းဝင်ပြီး ဖောက်ခွဲတာကြောင့် သေဆုံးခဲ့သူ ၁၂ မှာ နိုင်ငံခြားသား စစ်သား နှစ်ဦး ပါဝင်ပြီး ဒဏ်ရာရသူတွေလည်း ဒါဇင်များစွာ ရှိခဲ့ပါတယ်။

အဲဒီ အသေခံဖောက်ခွဲမှုဟာ အာဖဂန် ထောက်လှမ်းရေးအေဂျင်စီဖြစ်တဲ့ အမျိုးသားလုံခြုံရေးညွှန်ကြားမှုဌာန ရုံးချုပ်အပါအဝင် အစိုးရရုံးတွေ ရှိနေရာ လုံခြုံရေးထူထပ်တဲ့ ဝင်းမှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။

ရှာဒါရတ်အရပ်မှာ နံနက် ၁၀ နာရီ ၁၀ မိနစ်မှာ အခု ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားဆယ်ဦး သေဆုံးကာ ဒဏ်ရာရသူ ၄၂ ဦး ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ နာဆာရတ်ရာဟီမီက ပြောပါတယ်။ ကြီးမားပြင်းထန်တဲ့ ဒီ ပေါက်ကွဲမှုမှာ အိမ်စီးကား ၁၂ စီး ပျက်စီးပါတယ်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုမှာ စစ်ရေးပံ့ပိုးမှု မစ်ရှင်က စစ်သားနှစ်ဦး သေဆုံးကြောင်း နေတိုးက ထုတ်ပြန်ပါတယ်။

“တစ်ဦးက ရိုမေနီးယားကပါ။ ကျန်တစ်ဦးကတော့ အမေရိကန်စစ်သားဖြစ်ပါတယ်။”လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု ကဘူးလ်တိုက်ခိုက်မှုဟာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း တာလီဘန်တွေက ကြေညာပြီး နိုင်ငံခြားကျူးကျော််သူတွေရဲ့ စစ်ယာဉ်တန်းကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲတာလို့ ထုတ်ပြန်ထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly