ဘင်္ဂလားဒေ့ရ်ရောက် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ကို ကနဦးပြန်ပို့ပေးရန် မြန်မာတိုက်တွန်း

ဘင်္ဂလားဒေ့ရ်ရောက် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ကို ကနဦးပြန်ပို့ပေးရန် မြန်မာတိုက်တွန်း
ဓာတ်ပုံ - နိုင်ငံခြားရေးဝန်ကြီးဌာန

ရန်ကုန် ၊ စက်တင်ဘာ ၆ ။       ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် နေရပ်စွန့်ခွာသူများထဲမှ ဟိန္ဒူဘာသာဝင် ၄၄၄ ဦးကို မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို တိုက်တွန်းပြောဆိုလိုက်သည်။

စက်တင်ဘာ ၅ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဘင်္ဂလားဒေ့ရှ် သံအမတ် Mr. Manjurul Karim Khan Chowdhury ကို ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြား နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ရေး လုပ်ငန်း စဉ်များကို သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။ သို့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုကြောင်း မြန်မာ နိုင်ငံအနေဖြင့် ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောဆိုခဲ့သည်။

၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်  “မည်သည့် လူမျိုး/ ဘာသာဝင်ဖြစ်စေ မြန်မာနိုင်ငံသို့ အချိန်မရွေးပြန်လိုပါက ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဟန့်တားမည်မဟုတ် ဟူသော ရပ်တည်ချက်” ကို ထည့်သွင်းဖော်ပြခဲ့သည်ဟု ဘင်္ဂလားဒေ့ရ်ှ သံအမတ်မှ ပြောဆိုထားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဟိန္ဒူ ၄၄၄ ဦး အနက် အချို့သည် နိုင်ငံသားပြုခွင့်လက်မှတ်ကို ကိုင်ဆောင်ထားကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly