ရေကြီးမြေပြိုမှုတွေကြောင့် ဗီယက်နမ်မှာ လူ သုံးဦး သေဆုံးပြီး အိမ်ခြေထောင်ပေါင်းများစွာ ရေလွှမ်း

By AFP
05 September 2019
ရေကြီးမြေပြိုမှုတွေကြောင့် ဗီယက်နမ်မှာ လူ သုံးဦး သေဆုံးပြီး အိမ်ခြေထောင်ပေါင်းများစွာ ရေလွှမ်း

ဟနွိုင်း၊ စက်တင်ဘာ ၅ ။           ။ ဗီယက်နမ်နိုင်ငံမှာ အပူပိုင်းလေဖိအားနည်းရပ်ဝန်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းတွေကို ပြည်နယ်အချို့မှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် ရေကြီးမြေပြိုမှုတွေမှာ လူသုံးဦး သေဆုံးပြီး အိမ်ခြေထောင်ပေါင်းများစွာ ရေလွှမ်းမိုးနစ်မြုပ်နေပါတယ်။

အင်္ဂါနေ့က နိုင်ငံအလယ်ပိုင်းမှာ မိုးသက်မုန်တိုင်းတွေ ကျရောက်ပြီးနောက်ပိုင်းမှာ လူလေးဦး ပျောက်ဆုံးနေဆဲဖြစ်သလို အိမ်ခြေပေါင်း ၂၈၀၀ ကျော် ရေလွှမ်းမိုးလျက် ရှိပါတယ်။

စိုက်ပျိုးရေးက ဝင်ငွေကို အဓိကထားတဲ့ နိုင်ငံအတွင်း မိုးသက်မုန်တိုင်းတွေ ကျရောက်ခဲ့ရာ နယ်မြေဒေသတွေမှာ ကောက်ပဲသီးနှံစိုက်ခင်း ဟက်တာ ၁၁၅၀၀၀  ကျော်လည်း ပျက်စီးဆုံးရှုံးပါတယ်။

အခု သဘာဝဘေးအတွင်း ကွမ်ဘင်းပြည်နယ်နဲ့ ဟာသင်ပြည်နယ်မှာ လူနှစ်ဦး ရေထဲမျောပါသွားခဲ့တာဖြစ်ပြီး သူယာသန်ဟွာပြည်နယ်မှာ နေအိမ်ကို ပြုပြင်နေတဲ့ လူတစ်ဦး ပြုတ်ကျပြီး သေဆုံးတာ ဖြစ်ကြောင်း ဗီယက်နမ် သဘာဝဘေးကာကွယ်တားဆီးရေး ကော်မတီက ထုတ်ပြန်ပါတယ်။

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် ပြည်နယ်အချို့က ကားလမ်းတွေ ရေမြုပ်နေပြီး ကြာသပတေးနေ့မှာ ယာဉ်သွားယာဉ်လာတွေ  ဖရိုဖရဲ ဖြစ်နေပါတယ်။

အခုနှစ် ပထမရှစ်လအတွင်းမှာတင် ဗီယက်နမ်နိုင်ငံမှာ သဘာဝဘေး၊ အထူးသဖြင့် ရေကြီးမှု၊ မုန်တိုင်းကျရောက်မှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေ ၇၅ ဦးအထိ ရှိနေပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၉၅ သန်းအထိ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ မှာ သဘာဝဘေးအန္တရာယ်အတွင်း သေဆုံးသူနဲ့ ပျောက်ဆုံးသူ အနည်းဆုံး ၂၁၆ ဦး ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၇၆ သန်းအထိ ဆုံးရှုံးခဲ့ရပါတယ်။

    
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly