အမေတစ်ယောက်တည်းနဲ့ ဘဝကို ရင်ဆိုင်မယ်

By (မဇ္စျိမ)
05 September 2019
အမေတစ်ယောက်တည်းနဲ့ ဘဝကို ရင်ဆိုင်မယ်

မင်္ဂလာပါရှင် ၊ နိစ္စဓူဝရဲ့ အစီအစဉ်ကနေပြီးတော့ ကြိုဆိုပါတယ်၊ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ လူမူရေး ပြဿနာတွေကို အဖြေရှာဆွေးနွေးပေးတဲ့ နိစ္စဓူဝရဲ့ အစီအစဉ်ကနေပြီးတော့ ဆွေးနွေးပေး မယ့် အကြောင်းအရာကတော့ Single Mother လို့ ကျွန်မတို့ခေါ်ကြတဲ့ အမေ တစ်ယောက်တည်း နဲ့ ရုန်းကန် နေရတဲ့ မိသားစုတွေအကြောင်း ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ရဲ့ မြန်မာစာပေတွေမှာ ဆိုလို့ရှိရင် အမိမဲ့သား ရေနည်းငါး၊ အမေမရှိတဲ့ သားသမီးကို သနားစရာလို့ ရေးသားကြပေမယ့် အဖေမရှိတဲ့ သားသမီးကိုတော့ သနားစရာရယ်လို့ ရေးသားခဲ့တာ တစ်ခုမှ မရှိပါဘူးရှင်။ ဒါပေမယ့်လည်း လင်ကောင်မပေါ်ဘဲနဲ့ ကလေးမွေး တယ်၊ လင်မရှိတဲ့ မယားဆိုတာ မတင့်တယ်ဘူး စသဖြင့် ဒီလိုစာသားတွေကိုတော့ နင့်နင့် သီးသီး ထိထိ ခိုက်ခိုက်ဖြစ်အောင် ရေးသားထားတာတော့ တွေ့ရပါတယ်ရှင်၊ ဒါပေမယ့် ယနေ့ ပြောင်းလဲလာတဲ့ လူမူရေးစံနူန်း တွေနဲ့ Single Mother ကို လက်ခံလာကြတဲ့ အခြေအနေတစ်ခုကို ရောက်လာတဲ့အခါမှာတော့ ကျွန်မတို့နိုင်ငံမှာလည်း Single Mother တွေ၊ အမေတစ်ယောက်တည်း ရပ်တည်လာတဲ့ မိသားစုတွေဟာ ဘယ်လိုမျိုး ရုန်းကန်လှုပ်ရှားနေရတယ်ဆိုတာကို ဒီ အစီအစဉ်မှာ ဆွေးနွေးပေးမှာ ဖြစ်ပါတယ်ရှင်။

အခုဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးပေးမယ့်သူတွေကတော့ မရည်သာ(Chairman of Novelty services Co.Ltd)၊ မဂျူလိုင်မိုး(အယ်ဒီတာ 8 Days ဂျာနယ်)နဲ့ မချစ်ချစ်ဇာခြည်(အသေးစားစက်မှုလုပ်ငန်းရှင်)တို့ ပဲဖြစ်ပါတယ်ရှင်။

(ဒေါ်အိအိခင် - Managing Director , Banyan Green Services Co . Ltd)

မေး။              ။ ပထမဦးဆုံး   မရည်သာ အနေနဲ့ Single Mother လည်း ဖြစ်တယ်၊ လုပ်ငန်းတွေကိုလည်း ဦးဆောင်နေတယ် Mrs.Goldenland Myanmar 2017 ရဲ့ဆုရှင်လည်း ဖြစ်တယ်ပေါ့နော်၊ အဲ့ဒီတော့ ဒီလိုမျိုး ဖြစ်လာတဲ့ အခြေအနေထိကို Single Mother တစ်ယောက် အနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ဆွေးနွေးပေးပါဦးရှင် ။

ဖြေ (မရည်သာ)။         ။ ဟုတ်ကဲ့ အားလုံးပဲ မင်္ဂလာပါ ဒီလိုမျိုးဆွေးနွေး လာရတယ်ဆိုတဲ့ မြန်မာ အသိုင်းအဝိုင်းရဲ့ ပြောင်းလဲလာတဲ့ အခြေအနေကို ပထမဦးဆုံး အနေနဲ့ ဝမ်းသာမိပါတယ်။ ကျွန်မတို့တွေ မြန်မာ အသိုက်အဝန်းမှာ လူတွေရဲ့တွေးခေါ်ပုံက အမျိုးသမီး တစ်ယောက်ဟာ အိမ်ထောင်ကွဲသွားပြီ ဆိုလို့ ရှိရင် တော်တော်လေးကို အမြင်စောင်းကြပါတယ်။ အထူးသဖြင့်ပေါ့ ရည်သာ အိမ်ထောင်ကွဲခဲ့တာ ၁၉၉၇ ခုနှစ်က အဲ့ဒီအချိန်တုန်းကဆိုရင် တကယ်ကို ခက်ခဲခဲ့ပါတယ်၊ လူတွေဟာ အိမ်ထောင်တစ်ခုကို ဒီလောက်တောင်မှ မတည်ထောင်နိုင်ဘူးလား၊ အမျိုးသမီးတွေဟာ ကြက်မတွန်လို့ မိုးမလင်းဘူး၊ အမျိုးစုံသော စကားတွေနဲ့ ပတ်ဝန်းကျင်ရဲ့အမြင် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မူတွေ ပြောဆိုဒဏ်တွေကိုလည်း အများကြီးခံခဲ့ရပါတယ်။

ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့ ဘယ်အမျိုးသမီးမှ အိမ်ထောင်ပြုမယ်ဆိုလို့ရှိရင်  အိမ်ထောင်ပြုကြတာဟာ ဘယ်တော့မှ ကွဲချင်လို့ မဟုတ်ပါဘူး ။ အားလုံးက အိမ်ထောင်တစ်ခုကို ပျော်ပျော်ရွှင်ရွှင်နဲ့ တည်ထောင်ပြီးတော့ အေးချမ်းစွာ ကိုယ့်သားသမီးတွေနဲ့ချစ်တဲ့သူနဲ့ အကုန်လက်တွဲပြီးတော့ နေသွားချင်ကြတာပဲ။ အဲဒီနေရာမှာ တခါတစ်လေကျတော့ အမျိုးသားတွေ ဘက်ကလည်း တာဝန်မဲ့တဲ့ လုပ်ရက်မျိုးတွေ များလာတဲ့ အခါကျတော့ သည်းမခံ နိုင်လာတဲ့အခါမှာ စဉ်းစားကြည့်ရင် သူတို့နဲ့ ဆက်ပြီးတော့ လက်တွဲလာတဲ့ အခါမှာ ဒီထက်ပိုပြီး ဆိုးလာဖို့ပဲ ရှိတဲ့ အနေအထားမျိုးကျတော့ ဘယ်လိုမှ လက်တွဲလို့ မရတော့ပါဘူး ၊ အဲ့ဒီလို လက်တွဲလို့ မရတဲ့ အခါမှာ လက်တွဲ ဖြုတ်ခဲ့ရပါတယ်၊ လက်တွဲ ဖြုတ်လိုက် တဲ့ အခါမှာ ရည်သာ့ ဆီမှာ သားတစ်ယောက်ရှိတာပေါ့နော်၊ သားလေးနဲ့ ဘယ်လို ရှေ့ဆက်သွား ရမှန်းလည်း မသိပါဘူး ၊ နောက် အဲ့ဒီ အခြေအနေမျိုးမှာကျတော့ မြန်မာနိုင်ငံရဲ့ အနေအထားအရ အမျိုးသမီးတစ်ယောက် ထဲ ရှေ့ဆက်သွားဖို့ဆိုတာလည်း သိပ်ခက်ခဲပါတယ်၊ ဒါပေမယ့် စဉ်းစားလိုက်တဲ့ အခါမှာ ဘာက ကိုယ့် အတွက် အင်အား ဖြစ်စေလည်းဆိုတော့ သားဆိုတဲ့ မိမိရင်ထဲကဖြစ်တဲ့ သားသမီးကို မိခင်စိတ်ပေါ့နော် မိခင်တွေက တော့ ချစ်ကြတာပဲလေ ၊ ဆိ်ုတော့ အဲ့ဒီလိုမျိုး စိတ်ကြောင့် ငါ့သားလေး တစ်နေ့ကျရင် ဘယ်တော့မှ ငါတို့လို အနေအထားမျိုး မဖြစ်စေရဘူး ၊သူ့ဘဝလေး သာယာပါစေ ဒီအတွက်ကို ကြိုးစားပြီးတော့ လုပ်မယ် ဆိုတဲ့ စိတ်နဲ့ပဲ ရည်သာတို့ လုပ်ခဲ့ပါတယ်၊ စီးပွားရေးလုပ်တဲ့ အခါမှာလည်း ဘာစီးပွားရေးပဲလုပ်လုပ် သားမျက်နှာနဲ့ပဲ ကောင်းမွန်စွာနဲ့ လုပ်မယ်၊ ဘယ်တော့မှ ကိုယ့်သားစိတ်မညစ်စေရဘူး၊ မျက်နှာ မငယ်စေရဘူးဆိုတဲ့ စိတ် တစ်ခုနဲ့ ကြိုးစားပြီး အလုပ်လုပ်ခဲ့တယ်၊ အဲ့ဒီ သားသမီးဆိုတဲ့ Drive ကလည်း အင်မတန် ခွန်အားကြီးပါ တယ်၊ အဲ့ဒီ အနေအထားမျိုးကြောင့် ရည်သာတို့တွေ မိခင်စိတ်ကလည်း အမျိုးသမီးတွေမှာ ရှိတဲ့ မိခင်စိတ်ပေါ့လေ၊ အဲ့ဒီ အတွက် ပိုပြီးတော့ ကြိုးစားခဲ့ပါတယ်။ ဒီလို အနေအထားမျိုးတွေနဲ့လည်း ဒီ အခြေအနေကို ရောက်လာခဲ့တယ်ပေါ့နော်။

မေး။              ။ မဂျူလိုင်မိုး အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းမှာ ရင်ဆိုင်ရတဲ့ အခက်အခဲရယ်၊ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့ သဘောထားတွေ၊ ကိုယ့်ကို ဖေးမတဲ့လူတွေ၊ ကိုယ့်ကို နှိမ့်ချတဲ့လူတွေအပေါ်မှာ ဘယ်လိုစိတ်တွေ ထားခဲ့ရတယ်၊ ဘယ်လို ကြိုးစားရုန်းကန်ခဲ့ရတယ် ဆိုတာကိုလည်း ဆွေးနွေးပေးပါအုံးရှင်။

ဖြေ။ (ဂျူလိုင်မိုး)             ။ ခုနက ညီမလေးမေးတဲ့ဟာပေါ့နော်၊ အမမှာ အခက်ခဲဆုံး အခြေအနေတွေ၊ ဒုက္ခအရောက်ဆုံး အခြေအနေဆိုတာ သူကွယ်လွန်ပြီးမှ မဟုတ်ပါဘူး ။ သူမကွယ်လွန်ခင် အဲ့ဒီအချိန်ထဲက အမအတွက် အခက်ခဲ ဆုံးပါပဲ ၊ ဒုက္ခအရောက်ဆုံးပါပဲ သူ့မှာကင်ဆာရှိနေပြီ၊ အသည်းကင်ဆာပေါ့နော်၊ ၃လလောက်ပဲ နေရတော့မယ် လို့ သိရတဲ့အချိန်မှာ အမကမ္ဘာပျက်တာပါပဲ ၊ ဘာအတွက်ကမ္ဘာပျက်လဲဆိုရင် အမမှာ သားလေးနဲ့ သမီးလေးနဲ့ ရှိတယ်၊ အမအတွက် ခင်ပွန်းဆိုတာ အစားထိုးလို့ ရပေမယ့် သားလေးနဲ့ သမီးလေးရဲ့ ဖခင်ဆိုတဲ့နေရာမှာ အစားထိုးလို့ မရဘူးလေ၊ အဲ့ဒီအချိန်မှာ သားလေးက ၅ နှစ် သမီးလေးက ၃ နှစ်ပဲရှိသေးတယ်၊ သူ့ရဲ့သတင်းကို ကြားလိုက်ရတဲ့ အချိန်မှာပဲ အမသားလေးနဲ့ သမီးမျက်နှာကို တစ်လှည့်ဆီ ပေါ်ပြီးတော့ ဘယ်လိုမှ မခံစားနိုင်ဘူး။ ဘာလို့ သေရမှာလည်း အစောကြီး။ သူလည် အသက် ၃၀ ကျော်ပဲ ရှိသေးတယ် ၊ အရူးတစ်ယောက်လို ကိုယ် ဖြစ်သွားတယ် ၊ အမ အမျိုးသားရဲ့ညီမက ဆရာဝန်မ၊ သူကဘာပြောလည်း ဆိုတော့ ကိုကြီးက သူ့မှာ ကင်ဆာရှိတယ် ဆိုတာကို မမကို ပေးမသိပါနဲ့တဲ့ ၊ မမ စိတ်ဆင်းရဲမှာ စိုးလို့တဲ့ ၊ ပြီးတော့ မမမှာ ကျွန်မမှာ ဒီမိသားစုကိစ္စ အလုပ်ကိစ္စနဲ့ဆိုတော့ သူ့ကြောင့် စိတ်ဆင်းရဲမူကို ထပ်ပြီးတော့ မခံစားစေချင်လို့တဲ့ ဆိုတော့ သူဒီရောဂါ ကြီးရှိတယ်ဆိုတာကို ကျွန်မသိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီးတော့ သူကွယ်လွန်တဲ့အထိ မသိချင်ယောင်ဆောင်နေပေးခဲ့တယ်၊ သူ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာတဲ့ သူ့အခြေအနေတွေကို မြင်တဲ့ အခါမှာ ကိုယ့်ဟာကိုယ် အိမ်သာထဲမှာ ကြိတ်ပြီးငိုရတယ်၊ သူ့ရှေ့မှာ မငိုခဲ့ရဘူး ကျွန်မ နောင်တမရချင်ဘူး။ အဲ့ဒီအတွက်ကြောင့် သူ့ကို ၃ လပဲ ခံမယ်ဆိုတဲ့ ဆရာမတွေက မှတ်ချက်မှာတောင် ကျွန်မ ၅ လထိခံအောင် ကျွန်မ သူ့ကိုစောင့်ရှောက်ပေးခဲ့တယ် ပြုစုပေးခဲ့တယ်၊ အဲ့ဒီဟာတွေ အားလုံးက ကျွန်မသားလေးနဲ့ သမီးလေး အတွက်ပဲ ကျွန်မအဖေသာဆိုရင် ကျွန်မဘယ်အဆုံးရှုံးခံနိုင်မလဲ သားလေးနဲ့ သမီးလေး အတွက်ကျတော့ အစားထိုးလို့မရတဲ့ အဖေ ဖြစ်တဲ့အတွက် သူတို့အဖေကို ကျွန်မသိလိုက်ရတဲ့ အချိန်ကစပြီးတော့ အစွမ်းကုန် ကုသပေးခဲ့တယ်၊ ပြုစုပေးခဲ့တယ်ဆိုတာကို သူတို့ ဖြေသာအောင်လို့ ကျွန်မ တက်နိုင်သလောက်ပေါ့နော်၊ အစွမ်းကုန်လုပ်ပေးခဲ့ပါတယ်။

မေး။              ။ဟုတ်ကဲ့ပါရှင် အခုလိုမျိုး ခင်ပွန်းသည်က ကွယ်လွန်သွားတဲ့ ကိစ္စမှာ ရင်နှင့်အမျှ ခံစားရတယ် ၊ သားသမီးတွေအတွက်လည်း တာဝန်ကျေတဲ့ မိခင် ဖြစ်ချင်တယ်၊ မိဘအတွက်လည်း တာဝန်ကျေတဲ့ သမီးကြီး ဖြစ်ချင်တယ်၊ ခင်ပွန်းသည်အတွက်လည်း တာဝန်ကျေတဲ့ ဇနီးတစ်ယောက် ဖြစ်ချင်တယ်ပေါ့နော်၊ ဒါပေမယ့် အဲ့ဒီလိုမျိုး ကြိုးစားပြီးတော့ လုပ်ကိုင်ခဲ့တဲ့ အမရဲ့ အားထုတ်မူတွေကိုလည်း အသိအမှတ် ပြုပါတယ်၊ အမအတွက် အမျိုးသမီး တစ်ယောက် အနေနဲ့ ဂုဏ်ယူပါတယ်ရှင်။ ရှေ့ဆက်ပြီးတော့လည်း မချစ်ချစ်ဇာခြည် အနေနဲ့ ကျွန်မတို့ အသိုင်းအဝိုင်းမှာဆိုလို့ ရှိရင် မိန်းကလေးတွေ အထူးသဖြင့် သမီးမိန်းကလေး မွေးလာပြီ ဆိုလို့ရှိရင် သမီးမိန်းကလေးက မိစုံဖစုံနဲ့မှ သင့်တယ်တယ်ဆိုတဲ့ Comment တွေ ရှိကြပါတယ်၊ ပြောတဲ့ စကားတွေ ရှိကြပါတယ်၊ အဲ့ဒီတော့ မိန်းကလေး တစ်ယောက် မိမစုံ ဖမစုံ နဲ့ ကြီးပြင်းလာတယ်ဆိုရင် ဒီမိန်းကလေးဟာ သူလက်ထပ်တဲ့အခါပဲဖြစ်ဖြစ်၊ လူကြားထဲသွားတဲ့ အခါပဲဖြစ်ဖြစ်၊ လူမူရေးအရ တစ်ဆင့် နိမ့်သလို ခွဲခြားဆက်ဆံ ခံရတာတွေ ရှိပါတယ်၊ အမ အနေနဲ့ဆိုရင်လည်း အမရဲ့ မိသားစုအပေါ်မှာ မစုံမလင်နဲ့ ကြီးပြင်းခဲ့ရတယ် ၊အမရဲ့ အပေါ်မှာ အမရဲ့ အသိုင်းအဝိုင်းက အမရဲ့ မိသားစုတွေက အမရဲ့ ဆွေမျိုးသားချင်းတွေ က ဘယ်လို ဆက်ဆံခံရတယ် ၊ ဘယ်လိုမျိုးတွေ အမကို ဆက်ဆံခဲ့တယ် ဆိုတာကိုလည်း ဆွေးနွေးပေးပါဦး ရှင့်။

ဖြေ။(မချစ်ချစ်ဇာခြည်)     ။   ကျွန်မ ကျင်လည်ခဲ့တဲ့တစ်လျှောက်မှာ ကျွန်မလည်း ဒီ အရှေ့က အမ ၂ ယောက်လိုပဲ single mom တစ်ယောက်ပါ ။ ၃ ယောက်ထဲမှာဆိုရင်တော့ သက်တမ်း အငယ်ဆုံးပေါ့ ၊ အသက် အငယ်ဆုံးလို့လည်း ပြောလို့ရပါတယ်၊ ကို အခုပြောမယ့် စကားတွေ တစ်ခါတစ်ခါကျရင် ကိုယ့်ကိုကို Single Mom ဖြစ်တယ်ဆိုတာ ဟိုးတုန်းက သိမ်ငယ်ခဲ့တယ်ပေါ့နော်၊ စိုးရိမ်ခဲ့တယ် ကြောက်ရွံခဲ့တယ်၊ အဲ့ဒါတွေ ရှိခဲ့တယ်၊ ဒါပေမယ့် ကိုယ့်ရှေ့မှာ ဒီလိုမျိုး လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ အမျိုးသမီးတွေ အများကြီး ရှိခဲ့တယ်၊ အဲ့ဒီအချိန်မှာတင် ကျွန်မတို့ရဲ့ mind-set တွေက တဖြည်းဖြည်းနဲ့ change လာနိုင်ခဲ့တယ်၊ အဖေမရှိတဲ့ အပေါ်မှာ ကလေးတွေရဲ့ စိတ်မှာ သိမ်ငယ်စိတ်တွေ အနာတရတွေ မဖြစ်စေချင်ဘူး၊ သူတို့ကို အဓိက သမီး မိန်းကလေးပေါ့၊ ပတ်ဝန်းကျင်မှာ အဖေ မရှိလို့ ရှိရင် တော်ရုံတန်ရုံက အမတို့ အခုအသိုင်းအဝိုင်း အပြင်ဖက်မှာ တောင်မှ တစ်ချို့က အဖေမရှိဘူးဆိုရင် စော်ကားချင်ကြတယ်၊ အဲ့ဒီလိုမျိုးပေါ့။ သမီး မိန်းကလေးဆိုတော့ အဖေ မရှိတော့ မဟန့်ဘူးလို့ မလေးစားဘူးလို့ ပတ်ဝန်းကျင်မှာ အမြဲကြားနေရတယ်၊ အဲ့ဒီတော့ အဲ့ဒီ ကလေးမလေး ကလည်း အလိုလိုနေရင်းနဲ့ အဲ့ဒီလိုစိတ်တွေ သိမ်ငယ်ကြတယ်၊ ဒါပေမယ့် အမ သမီးကိုကျတော့ အမ အဲ့ဒီလို မြင်နေတော့ အမအရမ်းအားငယ်သွားမှာ အရမ်းကြောက်တဲ့အတွက် သမီးစိတ်ကို တဖြည်းဖြည်းနဲ့ ငယ်ငယ် လေးထဲကပြင်တယ်၊ သိတတ်စ အရွယ် ၅ တန်း ၆ တန်း ရတန်း ၈တန်း တဖြည်းဖြည်း ကျောင်းတက်လာတာ ကအစ ဖအေမရှိရင် ဘာမှမဖြစ်ဘူး ရပ်တည်နိုင်တယ်၊ အမျိုးသမီး တစ်ယောက်တည်း အခုအချိန်မှာ သမီးတို့ရဲ့ မေမေကိုကြည့် မေကြီးကိုကြည့် ဘယ်လိုရပ်တည်နိုင်လဲ ဘယ်လိုလုပ်ပေးနိုင်လဲ၊ သမီးတို့က ကြိုးစားမူ တစ်ခု လိုတယ်၊ ရပ်တည်မူ တစ်ခုလိုတယ် ၊ အဲ့ဒီဟာကို စိတ်ခံစားနိုင်ရင် ဘဝကြီး တစ်ခုလုံး ပြိုလဲသွားနိုင်တယ် ပျက်စီးသွားနိုင်တယ် ၊ အားငယ်စိတ်တွေ ဝင်သွားရင် အမျိုးသမီးဆိုတာ အမျိုးမျိုုး ပြဿနာတွေ ဝင်လာနိုင် တယ် ၊မလိုလားအပ်ဘူးပေါ့ ၊ အဲ့ဒီဟာတွေကို အများကြီး ကျွန်မ ရှင်းပြတယ်၊ ရှင်းပြပြီး ပြောပြ နေထိုင်တဲ့ အချိန်မှာ အခုချိန်မှာ ကိုယ့်သမီးက အရမ်း strong ဖြစ်နေပြီ ၊ ကိုယ့်ထက်ကို သူက ပိုပြီးတော့ strong ဖြစ်နေပြီ၊ အဲ့ဒီလိုမျိုးပေါ့နော်၊ ရင်ဆိုင်ဖြေရှင်းတယ်၊ ဒါပေမယ့် ကိုယ်ဘယ်လောက်ထိပဲ အဆင်မပြေ ကိုယ် ဘယ်လောက်ထိပဲ သဘောထားမတိုက်ဆိုင်ဆိုင်၊ ဘယ်လောက်ပဲမုန်းမုန်းပေါ့၊ သားသမီးတွေကို အဖေကို ချစ်တဲ့စိတ်ကို ကျွန်မသွင်းတယ်။ ကျွန်မ မွေးမြူ တယ်၊ ဘယ်အချိန်ပဲရောက်ရောက် ဘယ်နေရာပဲ ရောက်ရောက် ဖအေက ဖအေပဲ ၊ သားတို့ သမီးတို့ ဒီလို ကြိုးစားနေတာ ရုန်းကန်နေတာ တစ်ချိန်ကျရင် မိဘတွေကို ပြန်ကြည့်နိုင်ရမယ်၊ ဖအေကို ပြန်ပြီးတော့ support လုပ်ပေးနိုင်ရမယ်၊ ဖအေက သူဘာသူ လှည့်မကြည့်နိုင်ပေမယ့် သားသမီးဆိုတာ ဖအေကို ပြန်ပြီးတော့ တွေးပေးနိုင်ရမယ် ဆိုတဲ့ mind-set ကို ထည့်ပေးထားတယ်၊ တစ်ချို့  သားသမီးတွေကိုလည်း လမ်းမှာတွေ့ရင် အမဆိုရင် ပရဟိတတွေလည်း အရမ်းသွားတယ် လုပ်တယ် ၊ အလှူအတန်းတွေလည်း ကျောင်းတွေမှာ အရမ်းသွားလုပ်လို့ ရှိရင် ဖအေ မအေ ရှိတဲ့ ကလေးထက်၊ ဖအေမရှိတဲ့ ကလေးကို ပိုပြီးတော့ပေါ့နော်၊ မိစုံဖစုံ ဆင်းရဲပေမယ့် အဲ့ဒီလို ဖအေ မအေ မရှိတဲ့ ကလေးတွေကို ပိုပြီးတော့ လှူဖြစ်တယ်၊ ပိုပြီးတော့ အားပေးစကား ပြော ဖြစ်တယ်၊ အဲ့့ဒီလိုပဲ သမီးကလည်း အဲ့ဒီလို လိုက်လုပ်တယ်၊ အဲ့ဒီလိုပဲ သားသမီးတွေကို အများကြီး ပေါ်ထွန်းစေချင်တယ်၊ တစ်ချို့ ပတ်ဝန်းကျင်တွေမှာက အခု ပြဿနာ လောလောလတ်လတ်ဆိုရင် ကျောင်းတွေ စအပ်ပြီ၊ အဖေနာမည် အရင်ဆုံးပါရတယ်၊ အဖေရဲ့ မှတ်ပုံတင်မိတ္တူပါရပါတယ်၊ တစ်ချို့တွေက အရမ်းသိမ်ငယ်တဲ့ကလေးတွေက အဲ့ဒါလို့ ပြောလိုက်တာနဲ့ အဖေ ခေါ်လာခဲ့ ဆိုတာနဲ့ ဝမ်းနည်းပြီးတော့ တစ်ချို့တွေက ငိုကြတယ်၊ ဘာကြောင့်လဲ အဖေကမှ မလာနိုင်တာ အကြောင်းအမျိုးမျိုးပေါ့၊ နောက်အိမ်ထောင် ပြုသွားတာရှိတယ်၊ အဲ့ဒီလိုမျိ်ုး ဒီ အမ ပြောသလို ဆုံးပါးသွားတာရှိတယ်၊ ဒါပေမယ့် သူတို့က သူတို့အမေတွေကို အမကတော့ အရမ်းအားပေးချင်တယ်ပေါ့ ၊အဓိက Single Mom တွေပေါ့ ၊ ကလေးတွေကို တဖြည်းဖြည်းနဲ့ ပြောထားပေးပါ ဖအေ မရှိပေမယ့်လည်း ရပ်တည်နိုင်တယ် ၊ ဒါစိုးရိမ်စရာ မဟုတ်ဘူး ၊ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ ကမ္ဘာမှာ အများကြီး ဖြစ်နေကြတယ်၊ အခုလက်ရှိမှာ ကျောင်းအပ်တာနဲ့ မွေးစားရင်းထုတ်တာနဲ့ မွေးတာကစပြီး သေတာအထိ ဒီ ဖအေကတွဲပါနေတာ၊ ကျွန်မတို့ မြန်မာနိုင်ငံ ဒီလို အစဉ်အဆက်ကြီးပေါ့နော်၊ အစဉ်အဆက်မှာ သားယောက်ျားလေးထက် သားယောက်ျားလေးမှာ ဖအေ မရှိဘူးဆိုရင် ကိစ္စ မရှိပေမယ့် ဖအေ မရှိရင် မရှိဘူး၊ ငါ့မှာ ဖအေ မရှိဘူး သားကြီး ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ ၊ သမီး မိန်းကလေးကျတော့ ငါ့မှာ ဖအေ မရှိဘူး၊ ဖအေက ဆုံးသွားပြီ ပြောတဲ့စကားကိုက သူတို့က ကီး(key)က အောက်သွားတယ်လို့ ခံစားရတယ်ပေါ့ ၊ သူတို့မှာ ရဲရဲတင်းတင်း ငါ့မှာ ဖအေမရှိဘူးလေ၊ ဖအေကတော့ နောက်အိမ်ထောင်ပြုသွားတယ် ဆုံးသွားတယ် ဘာညာပေါ့ မိန်းကလေးတွေက အဲဒီလို ရင်ဆိုင်နေရတယ်ပေါ၊့ အဲ့ဒီလို ရင်ဆိုင်နေရတဲ့ မိန်းကလေးတွေကို လည်း အားပေးချင်ပါတယ် ။ single Mom တွေကိုလည်း ကိုယ်ကိုယ်တိုင်လည်း Single Mom ဖြစ်တဲ့ အတွက် ဖအေ တစ်ယောက်ကို မုန်းလို့ပဲ ဖြစ်ဖြစ် ချစ်လို့ပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် တစ်ချို့ ပတ်ဝန်းကျင်မှာ ကျွန်မ ကြားရတာ၊ ဟဲ့ နင့်အဖေကြောင့် နင့်အဖေ မကောင်းလို့ နင့်အဖေ ဘာဖြစ်လို့ ဆိုတဲ့ဟာတွေက အဖေ ဆိုတာကြီးကပဲ မကောင်းဆိုးဝါး တစ်ကောင်လို ကလေးတွေ စိတ်ထဲမှာ နဂိုထဲက သိမ်ငယ်နေပါတယ်ဆိုမှ အဖေကို ဒီလို ထင်ကြတယ်၊ ဒါပေမယ့် လောက ကြီးမှာက အဖေတွေက အဖိုးမဖြတ် နိုင်တဲ့ အဖေတွေ ရှိသလို တကယ့်ကို သူတို့ ရဲ့ mind-set ကိုက သားသမီးကို စွန့်ခွာသွားတဲ့ အဖေတွေ လည်း ရှိတာပေါ့နော်၊ အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် အားမငယ်စေချင်ပါဘူး။ အဖေ မရှိပေမယ့် လောကကြီးမှာ ပညာတတ် ကြီးတွေ ဖြစ်သွားကြတယ် ၊ ကမ္ဘာကျော် မင်းသားမင်းသမီးတွေ ဖြစ်သွားကြတယ်၊ အားကစားသမားတွေ ဖြစ်သွားကြတယ် ၊ အဲဒီလို ဘဝမျိုးနဲ့ ရပ်တည်သွားကြတဲ့ လူတွေလည်း အများကြီးပဲ ဆိုတော့ အမ ဒီကနေပြီး တော့ပြောပြချင်ပါတယ်။

မေး။              ။ single Mother တွေ ဦးစီးရတဲ့ မိသားစုတွေဆိုတာက လှည်းတစ်စီးကို နွားတစ်ကောင်နဲ့ မောင်းနှင်ရတဲ့သူ ဒါမှမဟုတ် ဘီးတစ်လုံးတည်းနဲ့ မောင်းနှင်ရတဲ့သူနဲ့ တူပါတယ်၊ အဲဒီအခါမှာ ကိုယ့်ရဲ့သားသမီးကို လိုလေသေးမရှိ ဖြည့်ဆည်းပေးနိုင်အောင်လို့ ကိုယ့်ရဲ့ ရင်ဆိုင်နေရတဲ့ လူမူရေးပြဿနာတွေ၊ ကိုယ့်ရဲ့နေ့စဉ် နေ့ဓဓူဝ ဖြတ်သန်းရတဲ့ ကိစ္စတွေကို အမအနေနဲ့ ဘယ်လိုများ ရင်ဆိုင်သလဲဆိုတာ ပြောပြပါအုံးရှင်။

ဖြေ။ (ဂျူလိုင်မိုး)             ။သူတို့ အဖေ ဆုံးသွားတဲ့ အချိန်မှာ သားလေး ၅ နှစ်ခွဲ သမီးလေးက ၃ နှစ်နဲ့ကျန်ခဲ့ပါတယ်၊ အသုဘ အခမ်းအနားမှာ ငိုရမှာထက် သူ့ အဖေအတွက် လာပေးတဲ့ ပန်းခြင်းတွေ ပန်းဂွေတွေကြားမှာ ပြေးလွှားဆော့ကစားနေကြတယ်၊ ပျော်နေတယ်၊ သူတို့ကိုကြည့်ပြီးတော့ ပိုပြီးတော့ စိတ်မကောင်းဖြစ်ရတယ် ပေါ့နော်၊ တစ်ခုရှိတာက ကျွန်မက ၁၀ တန်းအောင်ပြီးတည်းက မိသားစုမှာလည်း အကြီးဆုံးသမီး ဖြစ်ခဲ့တဲ့ အတွက်ကြောင့် အလုပ်ကို လုပ်ခဲ့တယ်၊ အဲဒီအတွက်ကြောင့် ခင်ပွန်းသည် ဆုံးပါးသွားတဲ့အချိန်မှာ သူနဲ့ စယူထဲက ကိုယ့်အလုပ်ပဲ ဆက်လုပ်နေတဲ့အတွက် သူမရှိတဲ့အချိန်မှာ အလုပ်နဲ့ပတ်သက်ပြီး အလုပ်ရှာစရာတို့၊ ရွှေတောင်ကြီး ပြိုသလို အဲဒီလိုမျိုးတော့ ကျွန်မ မဖြစ်သွားဘူးပေါ့နော်၊ တစ်ခုပဲ ကျွန်မ သူနဲ့ ဆေးရုံမှာ အလုပ်တွေပစ်ပြီးတော့ ၄ - ၅ လ လောက် နေခဲ့တဲ့အတွက်ကြောင့် အသုဘ လာတဲ့ လူတွေကတောင် ပြောကြသေးတယ် ဆုံးသွားတဲ့ လူကတောင် စိုစိုပြေပြေနဲ့တဲ့ ကျန်ခဲ့တဲ့သူက တကယ့်ကို ပိန်ခြောက်ပြီးတော့   အဲဒီလိုမျိုးပေါ့နော် သူ့ကို လုပ်ခဲ့ပေးတယ်။ ခုနကပြောသလိုပဲ သူရှိနေတဲ့ အချိန်မှာတောင် ကျွန်မအိမ်သာထဲမှာ ငိုခဲ့ရတဲ့အတွက်ကြောင့် သူ့ရှေ့မှာလည်း ကျွန်မ မငိုဖြစ်ဘူးပေါ့နော်၊ မငိုဖြစ်ဘဲနဲ့ ကျွန်မ အဲဒီလိုပဲ ကြိတ်ပြီးတော့ သူဆုံးပြီဆိုတဲ့အချိန်မှာ ကျွန်မအားရအောင် သူ့ခြေထောက် ၂ ဖက် ကို ကိုင်ပြီးတော့ အားရပါးရ ကျွန်မငိုလိုက်တယ် ၊ ငိုပြီးတဲ့အချိန်မှာ ကျွန်မ ၁၅ မိနစ် နာရီဝက်လောက်ကြာ မယ်၊ ကျွန်မ မျက်ရည်သုတ်တယ်၊ ဒီအချိန်ကစပြီး ငါ မငိုတော့ဘူး၊ ဘာလို့လဲ ငါ့မှာ သားနဲ့သမီး ရှိတယ်၊ သူတို့ ၂ယောက် အတွက်ကို ငါ ၂ ဆ ပိုလုပ်ရမယ်၊ အဲဒီအတွက်ကြောင့် ငါငိုလို့မဖြစ်တော့ဘူး ။ အဲ့ဒီ ဆေးရုံ အခန်းထဲမှာ ကျွန်မ သူ့အတွက် နောက်ဆုံး ငိုခြင်းပဲ ၊ ဝမ်းနည်းစွာနဲ့ ငိုခဲ့ခြင်း၊ အဲဒီအချိန်ကစပြီး ကျွန်မ အလုပ်တွေကို ပိုကြိုးစားလုပ်ခဲ့တယ်၊ သားလေးနဲ့ သမီးလေးကို ခုနက ပြောသလိုပေါ့၊ ဖအေမရှိလို့ မျက်နှာ ငယ်ရတာမျိုး အားငယ်စိတ် မဝင်အောင် ကျွန်မ ထားခဲ့တယ်၊ ဘယ်လောက်ထိ ကျွန်မ သူတို့အတွက် ဖြည့်ဆည်းပေးလဲဆိုရင် ကျွန်မသား အခုဆို ဒီနှစ်တေ့ာ သူ ၅ တန်း တက်တာပေါ့ ၊ အဲ့ဒီတုန်း က ၃ တန်း၊ အမေ တဲ့ ကျောင်းမှာ ပူတယ်တဲ့ အဲယားကွန်း တစ်လုံးလောက် လှူပေးစမ်းပါတဲ့၊ သူကပြောချင်တာက သူလိုအပ်တဲ့ အချိန်တိုင်းမှာ အမေက ဖြည့်ဆည်းပေးတဲ့အခါကျတော့ သူဘာလိုလို ငါ့ အမေက လုပ်နိုင်တယ် ဆိုတဲ့ စိတ်မျိုးသူ့မှာရှိတယ်။ အမေ အဆင်မပြေတာတွေ အဆင်ပြေတာတွေ သူနားမလည်ဘူး၊ အဲ့ဒီလိုပေါ့နော်။ နောက်သူတို့မှာ သူတို့အဖေ ရှိစဉ်တုန်းကတောင် ကိုယ်က ဆူတယ်ရိုက်တယ်၊ နောက်ပိုင်းမှာ ရိုက်တာလည်း ရှိတယ် စကားနဲ့ နားလည်အောင်ပြောတာလည်း ရှိတယ်၊ ပြီးတော့ ညတိုင်းမှာ သူတို့ ၂ ယောက်အတွက် အချိန်ပေးပြီး လိမ္မာအောင် ဆုံးမတယ်၊ သူတို့ ၂ယောက် ဆိုးသွားမှာ ကျွန်မ အရမ်းကြောက်တယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဘဝကြီး တစ်ခုလုံးက သူတို့ ၂ ယောက်လို့ သတ်မှတ်ထား ခံယူထားတဲ့ အတွက် ကြောင့် အဲဒီလိုမျိုး အချိန်လေးတွေ ပေးရတာပေါ့နော်၊ ဒါက သားသမီးနဲ့ ကိုယ့်အပိုင်းပေါ့၊ နောက် တစ်ခု ခုနက ညီမလေး မေးတဲ့ မေးခွန်းလေး အဖြေက လူတွေကတော့ တော်တော်လေးကို မတူညီတဲ့ အနေအထားတွေ တွေ့ရပါတယ်။ အဲဒါတွေကတော့ ဥပမာ ငါသာ ဒုက္ခရောက်ခဲ့ရင် သူတို့တော့ နေမှာမဟုတ်ဘူး၊ အကူအညီ ပေးမှာပဲ ဆိုတဲ့ လူတော်တော်များများ၊ ကိုယ့်ကို အကူအညီ မပေးတာတွေလည်း အံ့သြစွာတွေ့ရပါတယ်။ နောက်တစ်ခုက ဘယ်လိုမှ မထင်မှတ်ထားတဲ့လူတွေရဲ့ နူတ်နှင့်သော်လည်းကောင်း ပေါ့နော်၊ အဲ့ဒီလိုမျိုုး ဒါတောင် ကိုယ် အနေမှန်တဲ့အတွက်ကြောင့် ကိုယ့်ကိုတော့ သွေးတိုးစမ်းခြင်း ဘာခြင်း မရှိပါဘူး ။ မလေးစားခြင်းတွေလည်း ခံရပါတယ်၊ နောက်ပြီးတော့ မထင်မှတ်သော လူတွေရဲ့ ကူညီပံ့ပိုးမူတွေ အများကြီးကို လည်း ရခဲ့ပါတယ်၊ ဒါတွေအားလုံးကတော့ ကိုယ့် ရဲ့ နိမ့်ပါးချိန် ဒုက္ခရောက်ချိန်မှာ ကြုံရတဲ့ အကျိုး အမြတ်တွေ ပေါ့နော်။ အမြတ်တွေလို့ပဲ ယူဆတယ်။

မေး ။             ။ကျေးဇူးတင်ပါတယ်  မရည်သာ အနေနဲ့လည်း single Mom ဖြစ်တဲ့ အမျိုးသမီးတွေ အပေါ်မှာပေါ့နော် စိတ်ဓာတ်ခွန်အား မြင့်တင်စေမယ့် စကားလေးတွေကိုလည်း ပြောပေးပါအုံး။

ဖြေ။     ။ အမအနေနဲ့က single Mom ဖြစ်တဲ့ အမျိုးသမီးတွေ အပြင်ကို ခုနတုန်းက မချစ် ပြောသလို   ရည်သာ ငယ်ငယ်ကလည်း broken Family ကနေ ကြီးပြင်းရတာ ကြီးပြင်းရတော့ ရည်သာ့ အမေကတော့ မယ်သီလရှင် ဝတ်သွားတာပေါ့၊ အဖေနဲ့ ကြီးပြင်းရတယ်၊ ခုနတုန်းကလိုမျိုး အထူးသဖြင့် ရည်သာ နိုင်ငံခြားမှာ သွားနေတုန်း သိလိုက်ရတာက ဘာလဲဆိုတော့ မြန်မာအသိုင်းအဝိုင်းနဲ့ ကွာခြားချက်ပေါ့ ၊ မြန်မာပြည််မှာက မိဘ မစုံရင် ဘာမှ အပြစ်မရှိတဲ့ ကလေးတွေမှာ လူတွေက မှတ်ချက်ပေးကြတယ် ။ နောက်ဆုံး အိမ်မထောင်ပြုမယ်ဆိုရင်ပဲ ရည်သာကို ဥပမာပေါ့ နော်၊ အမျိုးသားဘက်က ဘာပြောလဲဆိုတော့ သူတို့က ရည်သာ့ကို ချစ်လည်းချစ်လို့ သဘောလည်း အင်မတန်တူလို့ ပေးစားတာ။ ဒါပေမယ့် တစ်ချိို့တွေ ဆိုရင်ပြောမှာ ရည်သာက နားမလည်လို့ ဘာပြောမှာ လည်း မိဘမစုံတဲ့ မိန်းကလေး တစ်ယောက်ကို အိမ်ထောင်ပြုတဲ့အခါမှာ နောင်ကျရင်  အိမ်ထောင်ကွဲဖို့ လွယ်တယ်ဆိုတဲ့ အနေအထားမျိုးပြောတော့ နောင်အဲ့ဒီအချိန်တုန်းက တော်တော်လေး အံ့အားသင့်တယ်၊  ဒါပေမယ့်လည်း ဒါလူကြီးတွေပြောတာပဲလေ။ ရည်သာတ်ို့ကလည်း ပြန်မပြောရတဲ့ အနေအထားမျိုးနဲ့ ကြီးပြင်းရတာဆိုတော့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ရည်သာ့ဘက်က ဘာမှဖြစ်တာမဟုတ်ဘဲနဲ့ ဒီလိုဘဝတစ်ခု ဖြစ်သွားခဲ့တယ်ပေါ့နော် ။ အဲ့ဒီတော့ အမှန်တကယ် ရည်သာတို့ မြန်မာနိုင်ငံမှာ single mother ဖြစ်သွားရင်လည်း စိတ်မပျက်ပါနဲ့၊ တကမ္ဘာလုံးမှာ single mother ဖြစ်သွားတာတွေလည်း တစ်ပုံကြီးပါ၊  အားလုံးအခု ရည်သာတို့ ၃ယောက် ပြောတာ ကြည့်လိုက်တဲ့အချိန်မှာ အကုန်လုံးဟာ အမျိုးမျိုးသော အကြောင်းအရာ အကြောင်းအချက်တွေကြောင့် single mother ဆိုတာ ဖြစ်ကြမှာပဲ ၊ ဘဝဆိုတာ သူရေးလာတဲ့အတိုင်း သူ့ရဲ့ ဖြစ်တည်ရာ ဖြစ်တည်မူဆိုတာ ဖြစ်ကြမှာပဲ၊ အဲ့ဒီအတွက်ကြောင့် အားငယ်စရာလည်း မလိုပါဘူး ၊ အဓိကကတော့ ကိုယ့်အသိထဲမှာ တာဝန်ကို ဘယ်လိုယူရမလဲ ကိုယ်ဒီလိုဖြစ်သွားပြီ ကိုယ့်မှာ သားသမီးတွေရှိတယ်ဆိုရင်လည်း ဒီ သားသမီးတွေအတွက် ရှေ့ရေးကို ဘယ်လိုသွားမလဲ၊ ရည်သာကိုယ်တိုင်လည်း သားကို သူ့ဖခင်ဘယ်လိုပဲဖြစ်နေပါစေ အမြဲတမ်း သားကို ဖအေကို ဖအေမှန်းသိအောင် ကြိုးစားခဲ့ပါတယ်၊ သားကလည်း အဖေကို အဖေမှန်း အင်မတန်သိပါတယ်၊ အဲ့ဒီလို အင်မတန်သိတဲ့ အတွက်ကြောင့်မို့လို့ အချို့ကိစ္စတွေဆိုရင် အင်မတန် အခက်ခဲအများကြီး ဖြစ်တာတွေတောင် ရှိပါတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံမှာ ရည်သာတို့ မိန်းကလေးတွေကလည်း ခက်တာ single mom ဖြစ်သွားပြီ၊ အကုန်လုံး ကွဲကွာသွားပြီ ၊ အဖေကို အဖေမှန်း သိစေချင်လို့ လုပ်ပေးရင်ပဲ ကိုယ်တွေက ပြန်ပြီးတော့ စိတ်ဝင်စားလို့လား ဘယ်လိုမျိုး ဟိုဟာဖြစ်တယ် ၊အဲ့ဒီ အခက်အခဲတွေကလည်း ရှိပြန်ရော ဒါပေမယ့် ဒါကတော့လည်း ပြဿနာမရှိပါဘူး၊ ဆိုတော့ လောကကြီးမှာ ရည်သာတို့ လျှောက်လှမ်းကြရင် တစ်ယောက်တည်းပဲ လျှောက်လျှောက်၊ ၂ယောက်တည်းပဲ လျှောက်လျှောက်၊ အဓိကက နောက်ဆုံး ပန်းတိုင်ဘာလဲ ဆိုတာ အရေးကြီးဆုံးပါပဲ ။ ဆိုတော့ သားသမီးတွေသည် သူ့တာဝန် သူသိတတ်မယ် မိဘတွေကလည်း သူ့တာဝန် သူသိတတ်မယ်ဆိုရင် ဒါဟာမိသားစု တစ်ခုအတွက် ကောင်းသွားမှာပဲ ။  single mother တွေအနေနဲ့ကတော့ ဒါ ရည်သာတို့ ခေါင်းစဉ်က single mother ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ single Mother တွေကို အဓိက ပြောချင်တာကတော့ ဘယ်တော့မှလည်း အားမငယ်ပါနဲ့ ဒါအားငယ်စရာ အကြောင်းအချက်လည်း မဟုတ်ပါဘူး။ ကိုယ့်လမ်းကိုကိုယ် မှန်အောင်လျှောက်ပါ ။ နောက်ဆုံးဘေးပတ်ဝန်းကျင်တွေက ပြောကြရင်လည်း ပြောတဲ့ဟာတွေက တစ်နေ့ကျရင်ပြီးသွားမှာပါပဲ၊  ဘယ်သူမှလည်း ၇ ရက်ထက်တော့ ပိုပြီးတော့ မပြောနိုင်ကြပါဘူး။ အားလုံးက ကိုယ့်အလုပ်တွေ ကိုယ်လုပ်နေကြတာ ဆိုတော့ ကိုယ့်အခက်အခဲတွေက ရှိနေတဲ့အတွက်ကြောင့် ဒီပြဿနာတွေက ပြီးသွားမှာပါ၊ အခုလို အခြေအနေမျိုးမှာ သင်ယူစရာ သင်ကြားစရာတွေကလည်း အများကြီးပါ၊ နောက် ခေတ်စနစ် ကလည်း ဖွံဖြိုးလာတဲ့ အတွက် ဒါက အမျိုးသမီးတွေအတွက် အများကြီး အင်အားဖြစ်လာပါပြီ စိတ်ပူစရာလည်းမရှိပါဘူး၊ ကိုယ်ချစ်တဲ့ သားသမီးလေးတွေကိုသာ ကောင်းမွန်စွာ ပျိုးထောင်တတ်ဖို့ လိုအပ်ပါတယ်၊ single mother တွေက အိမ်ထောင်ငယ်ငယ်နဲ့ကွဲလို့၊ ရည်သာဆို ၂၇ နှစ်မှာပေါ့နော် အိမ်ထောင်ကွဲတာ အဲ့ဒီတော့ အိမ်ထောင်ကွဲတဲ့ အချိန်မှာ နောက်အိမ်ထောင်ပြုသင့် မပြုသင့်ဆိုတာ တွေကလည်း အများကြီး ရှိပါတယ်၊ အဲ့ဒီအခါမှာ ကိုယ့်ကို တကယ်ချစ်လို့ ကိုယ့် အပေါ်တကယ်ကောင်းတဲ့ ယောက်ျားကောင်းတွေ အများကြီးပါ ။အဲ့ဒီလိုမျိုး ရှိခဲ့တယ်ဆိုရင် လက်တွဲပါ၊ အိမ်ထောင်ပြုပါ ၊ ဘဝမှာ အဆင်ပြေမယ်ထင်ရင်တော့ ဆက်လုပ်ပါ၊ ကိုယ့်အပေါ် ကောင်းမယ်ထင်ရင်တော့ လက်တွဲပါ၊ အဲဒီအတွက်ကို လည်းဘာမှကြောက်စရာမလိုပါဘူး။ သူများတွေ စကားကြားမှာလည်း အသက်မရှင်ပါနဲ့ ။ကိုယ့်ဘဝကို ကိုယ့်ဘာကို လျှောက်လှမ်းပါ ဖြတ်သန်းပါလို့ပဲ ရည်သာ့ အနေနဲ့ ပြောချင်ပါတယ်။

မေး ။   ။အခုနောက်ဆုံး အနေနဲ့ မချစ်ချစ်ဇာနည် အနေနဲ့ကရော ဒီ Single mother တွေကနေပြီးတော့ ကြီးပြင်းလာတဲ့ သားသမီးတွေကို ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ရှင်သန် ကြီးပြင်းသင့်သလဲဆိုတာလေး ပြောပြပေးပါရှင်။

ဖြေ။     ။ဟုတ်ကဲ့ပါ ။ ဒီ single mother တွေကနေ မွေးလာတဲ့သားသမီးတွေက သူများတွေကတော့ ပြောလိမ့်မယ် အဖေမရှိလို့ ဆိုဆုံးမမူ တစ်ခြမ်းလျော့မယ်ပေါ့နော် ။ တစ်ခြမ်းလျော့လိမ့်မယ်လို့ ထင်ကြတယ်၊ အမှန်က မဟုတ်ပါဘူး ။ ဒီကလေးတွေက ပိုပြီးတော့ အရမ်း strong ဖြစ်နေတာကို တွေ့ရပါတယ်၊ အဖေ အမေစုံပြီးတော့ အခုချိန်ထိ လမ်းဘေးမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ ဘာလို့လဲဆိုတော့ သူတို့က အမေ အဖေဆီက လိုတိုင်း ရနေတယ်၊ အဖေကမရရင် အမေဆီ ကပ်မယ်၊ အမေက မရရင် အဖေဆီကပ်မယ် ။ အဲ့ဒီတော့ ညမတို့ဆီမှာက အဲ့ဒီလိုကိုမဟုတ်ဘူး၊ ညမ ရိုက်လိုက်ရင်လည်း သူ့မှာချော့စရာ အဖေမရှိဘူး ။ ကလေးတွေကိုလည်း သူ့အဖေကို ဆုံးမခိုင်းလိုက်မယ်လို့ ညီမမှာပြောပိုင်ခွင့်မရှိဘူး ။ အဲ့ဒီတော့ အဝေးကြီးကနေတဆင့် ဆုံးမနေလား မဆုံးမနေလား ဆိုတာလည်း ။ သူတို့ကလေးတွေနဲ့ ဒီအဖေနဲ့ပဲ သိမှာပေါ့ ။ ကိုယ်ကတော့ ဘာမှဝင်မပြောဆိုဘူး ။ ဒါပေမယ့် ဒီကလေးတွေကို အရမ်းကို strong ဖြစ်အောင်လို့ ငယ်ငယ်လေးထဲက သူများက လမ်းလှျှေှာက်နေပြီဆိုရင် သားနဲ့သမီး မင်းတို့က ပြေးမှဖြစ်မှာ၊ အဲဒီလိုပဲ အမြဲပြောခဲ့တယ်။ သူများက တစ်ခုယူနေချိန်မှာ ကိုယ်က ၂ ခုရအောင်ယူရမယ် ၊ ဘာကြောင့်လဲဆိုတော့ အဖေမရှိတဲ့ ကလေးဆိုပြီး သူတို့ကို ရင်ထဲမှာရိုက်ခတ်လာရင် သူတို့ရဲ့ လွဲမှားတဲ့ အယူအဆတွေ လွဲမှားတဲ့ အတွေးအခေါ်တွေ မကောင်းတဲ့စိတ်ကူးတွေ ဝင်ပြီးတော့ ပျက်စီးသွားမှာ ကိုယ်က အရမ်းစိုးရိမ်တယ်။ အခု အဖေရှိရင် မိသားစုက ၄ ယောက်ပေါ့၊ မရှိရင် မိသားစုက ၃ ယောက်ပေါ့၊ ဒီ ၃ယောက်ကို ကြက်မကြီးလို ဝပ်နေရတဲ့ ပုံစံမျိုးပေါ့နော်။ ဘေးဘီက အဲ့ဒီလိုမျိုးတစ်ခုခု ဝင်လာမှာ အရမ်းကြောက်တယ်၊ ကိုယ်က ကြောက်တာ ကြောက်တာ ကလေးတွေကိုလည်း ထုတ်မပြောဘူး။ မပြောဘဲနဲ့ ကိုယ်က အရမ်းကိုမာန်တင်းပြီးတော့ နေရင်းနေရင်းနဲ့ ကိုယ်လည်း strong ဖြစ်သွားတယ် ၊ အဲဒီအချိန်မှာ ကလေးတွေကိုလည်း ဒီလိုလေးလုပ်ရင် ဒီလိုလေးကောင်းမယ် နိုင်ငံခြားမှာဆိုမရှိဘူး၊ ကိုယ်ကိုယ်တိုင်လည်း အနောက်တိုင်း ကိုယ်လည်းသွားခဲ့ဖူးတယ်၊  ကလေးတွေလည်း သွားခဲ့ဖူးတယ်။ သူတို့တွေသည် ဟုတ်တယ်််မေကြီးပြောတာ ဟုတ်တယ်၊ ဟိုမှာ အဲဒီလိုတွေ မရှိဘူး၊  ဒီမှာသာ ဒီလိုဖြစ်နေကြတာ သမီီးသနားလိုက်တာ ဟိုကလေးမလေးကို သမီးလိုဖြစ်နေတယ် ။ သမီးဘယ်လိုလေးပြောလိုက်ရမလဲ၊ ကိုယ့်ကလေးတွေက ဒီလိုမျိုးဖြစ်တယ်။ ကလေးတိုင်းကလေးတိုင်းကို ပြောဖို့ဆိုတာက သူတို့အမေတွေမှာတော့ အရမ်းကိုတာဝန်ရှိတယ်၊ ညီမ ပထမတစ်ခေါက်ပြောခဲ့သလိုပဲ မပျော့ညံ့စေချင်ဘူး သူတို့ကိုပေါ့နော် ၊ သူတို့ ပျော့ညံ့လိုက်တာနဲ့ သူတို့ကလေးတွေက အလိုလိုနေရင်းနဲ့ down ကုန်လိမ့်မယ် ၊ အဲ့ဒီတော့ ကမ္ဘာပေါ်မှာ ဘယ်သူတွေကတော့ single mom ရဲ့ ဒီမပြည့်စုံတဲ့ သားသမီးလေး တွေဟာ ဘယ်လိုထူးချွန်နေတယ်ဆိုတဲ့ အကြောင်းလေးတွေ၊ ဘယ်လိုလေးတွေ ကောင်းနေတယ်ဆိုတဲ့ အကြောင်းတွေကို သူတို့ကို ဒီဥပမာလေးတွေနဲ့ ပေးပေးပြီးတော့ ကလေးတွေကို အမြဲတမ်း ရင်အုပ်မကွာ Discuss လုပ်စေချင်တယ်၊ တစ်ချို့တွေကတော့ အမေကလည်း နေချင်သလိုနေ၊ စိတ်ဓာတ်တွေ လေလွင့်ပြီးတော့ပေါ့နော်၊ ကလေးတွေကလည်း ဖြစ်ချင်သလိုဖြစ်၊ အဖိုးအဖွားတွေကထိန်း၊ အဲ့ဒီလိုမျိုးဆိုရင်လည်း အဲ့ဒီလိုမျိုး ဘဝရောက်နေတဲ့ မြန်မာ့လူမူအသိုင်းအဝိုင်းမှာ အများကြီးတွေ့ရပါတယ် ။ အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် ဒီကလေးတွေကိုလည်း ကိုယ့်ကလေးတွေကိုလည်း အချိန်မရွေး လာကြည့်ပြီးတော့ပေါ့နော် ဒီလိုမျိုးဘေးနားမှာရှိနေတဲ့ single mom ကလေးတွေကိုလည်း သူတို့ဘာကြောင့် ကောင်းနေတာလဲ သူတို့ဘာကြောင့် ဒီလိုတော်နေတာလဲ ၊ အဲ့ဒီလိုမျိုလေးတွေတော့ အမက အမြဲဖြစ်စေချင်ပါတယ် ၊ စိတ်ဓာတ်အင်အားကို လုံးဝမလျော့ပါနဲ့လို့ ကိုယ်လုပ်ရင်ကိုယ်ရမှာ ကိုယ့်မိသားစုရမှာ၊ ကိုယ့်ပတ်ဝန်းကျင်သာယာမှ ကိုယ့်နိုင်ငံလှမှ၊ ကိုယ့်မိသားစုလှမှဆိုတဲ့ အတွေးကို အမြဲတမ်းတွေးပြီး သူတို့ကို အမြဲတမ်းသွန်သင်ဆုံးမတဲ့အတွက် သူ့တို့ကို အမြဲတမ်း strong ဖြစ်စေချင်ပါတယ်၊ အားမငယ်ကြပါနဲ့လို့ အဲ့ဒီလိုလေးပြောချင်ပါတယ် ။

  ကျေးဇူးအများကြီးတင်ပါတယ်၊ ကျွန်မတို့ လူမူအသိုင်းအဝိုင်းမှာ  ဆိုလို့ရှိရင် လင်မရှိတဲ့မယားဟာ မတင့်တယ်ဘူး။ တံခွန်မရှိတဲ့ ဘုရားဟာလည်း မတင့်တယ်ဘူးဆိုတဲ့ စကားတွေနဲ့ အမေတစ်ယောက်တည်း ရုန်းကန်ခဲ့ရတဲ့ မိသားစုတွေကို အင်မတန်မှ နှိမ်ချတာတွေရှိပါတယ်၊ ဒါပေမယ့် အခု ဒီအမျိုးသမီးတွေကိုကြည့်ပါ single mother ပါ ၊ လှတယ် ကျက်သရေရှိတယ် သတ္တိတွေနဲ့ ပြည့်ဝနေတယ် ။ အရာရာကို ရင်ဆိုင်ဖို့ ခွန်အားတွေရှိနေတယ် ဒီလိုအမျိုးသမီးတွေရှိတာ ကျွန်မတို့ လူ့အသိုင်းအဝိုင်းမှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်ရှင် ။ အခုလိုမျိုး စိတ်ဓာတ်တက်ကြွဖွယ်ရာတွေကို ဆွေးနွေးပေးတဲ့ မရည်သာ၊ မဂျူလိုင်မိုးနဲ့ မချစ်ချစ်ဇာခြည်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် ။   ။

(မဇ္စျိမ)

 Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly