ဂျပန်မှာ ရထားနဲ့ ထရပ်ကား တိုက်မိမှု တစ်ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ

By AFP
05 September 2019
ဂျပန်မှာ ရထားနဲ့ ထရပ်ကား တိုက်မိမှု တစ်ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ
The accident derailed the front carriage of the train and badly damaged the truck. (Photo: AFP)

စက်တင်ဘာ ၅ ။           ။ ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ယိုကိုဟားမားမှာ စက်တင်ဘာ ၅ ရက်က အမြန်ရထားနဲ့ ထရပ်ကားတစ်စီး တိုက်မိမှုဖြစ်ပွားလို့ လူတစ်ဦး သေဆုံးပြီး အခြား ၃၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တစ်နာရီကို ကီလိုမီတာ ၁၂၀ ဝန်းကျင်နှုန်းနဲ့ မောင်းနှင်လာခဲ့တဲ့ အဆိုပါ မီးရထားမှာဆိုရင် ခရီးသည် ၅၀၀ ခန့်အထိ လိုက်ပါလာခဲ့တာဖြစ်ပါတယ်။

ခုလို ရထားနဲ့ ကား တိုက်မိမှုကြောင့် တိုကျိုနဲ့ ဆက်သွယ်ထားတဲ့ အသွားအလာများတဲ့ ရထားလမ်းကြောင်းမှာ ပြေးဆွဲမှုတွေ ရပ်တန့်သွားစေခဲ့ပါတယ်။

ခုလို တိုက်မိမှုကြောင့် မီးရထားရဲ့ တွဲသုံးတွဲလည်း  လမ်းချော်သွားတာကို ဗီဒီယို ရုပ်ပုံတွေအရ သိရပါတယ်။

“ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ အားချင်းသွားခဲ့ကြပြီး ဒဏ်ရာရသူ ၃၀ ကို ပြုစုစောင့်ရှောက်ပေးနေပါတယ်၊ တစ်ဦးကတော့ သေဆုံးသွားပါပြီ” လို့ မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောသွားပါတယ်။

ထရပ်ကားကတော့ သစ်သီးတွေ တင်ဆောင်လာတဲ့ ကားဖြစ်ပြီး ခုလို တိုက်မိပြီးနောက် ရထားနဲ့ နံရံတစ်ခုအကြား ညှပ်မိသွားကာ မီးလောင်သွားခဲ့ကြောင်းလည်း သိရပါတယ်။

ယခု ဖြစ်စဉ်မှာ သေဆုံးသူကတော့ အသက် ၆၀ အရွယ် ထရပ်ကားမောင်းနှင်သူဖြစ်ကြောင်း သိရပါတယ်။

ခုဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်နိုင်သေးခြင်း မရှိကြောင်း ဂျပန် အာဏာပိုင်တွေက ပြောထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly