ထန်းရေမှ သကြားထုတ်နိုင်ရန် ကိုရီးယားစီးပွားရေးသမားများ လာရောက်လေ့လာ

ထန်းရေမှ သကြားထုတ်နိုင်ရန် ကိုရီးယားစီးပွားရေးသမားများ လာရောက်လေ့လာ

မကွေး၊ စက်တင်ဘာ ၅ ။             ။ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကြာကန်ဒေသရှိ ထန်းတောများမှ ထွက်ရှိသည့် ထန်းရေချိုများကို သကြားအဖြစ်ထုတ်လုပ်နိုင်ရေးအတွက် ကိုးရီးယားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်အချို့ လာရောက်လေ့လာ ခဲ့ကြောင်း ကျေးရွာအခြေစိုက်ကျေးလက်မြေအဖွဲ့မှ တာဝန်ခံဦးဇော်မင်းထိုက်က ပြောသည်။
 

“ထန်းသမားတွေနဲ့လိုက်တွေ့တယ်။ ထန်းလျက်တစ်ပိသာရဲ့ဒေသပေါက်စျေးကိုမေးတယ်။ ဒေသတွင်းက ထွက်ရှိနေတဲ့ ထန်းရေချိုတွေရဲ့အရည်အသွေးတွေကို အသေအချာလေ့လာကြည့်ရှုကြတယ်။ ဒီဒေသကိုလာပြီး အခြေစိုက်စီးပွားရေးလုပ်မယ့် အနေအထားပဲ” ဟု ကိုဇော်မင်းထိုက်က ပြောသည်။

ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များသည် အဆိုပါလေ့လာရေးခရီးကို ပြီးခဲ့သည့် သြဂုတ်လ ၂၆ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒေသအတွင်းရှိ ထန်းလုပ်သားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။အဆိုပါ လာရောက်မှုအတွက် ဒေသတွင်းရှိ ထန်းလုပ်သားအများစုက ကြီးမားစွာမျှော်လင့်နေကြကြောင်း သိရသည်။

“ထန်းလျက်စျေးကမကောင်းဘူး။ ဝယ်သူနည်းလာတော့ ထန်းတက်သူတွေ တဖြည်းဖြည်းနည်းလာတယ်။ ကျွန်တော်တို့ ထန်းသမားတွေအနေနဲ့ ထန်းလျက်ချက်ရတာ ထင်းရှားလာတဲ့အတွက် အခက်အခဲဖြစ်တယ်။

ထန်းလျက်ချက်လို့ရတဲ့ဝင်ငွေရဲ့တစ်ဝက်က ထင်းဝယ်စရိတ်ဖြစ်နေတယ်။ ပြီးတော့ မိသားစုအကုန်လုံး ဒီထန်းလျက်ချက်ထဲမှာ ဝင်ပြီးလုပ်နေရတော့ အခြားဝင်ငွေ မရှိဘူး။ ဒါကြောင့် တဖြည်းဖြည်းနဲ့ ထန်းသမား နည်းလာပြီး ထန်းတက်ဖို့ ထန်းလျက်ချက်ဖို့ စိတ်ဝင်စားမှုနည်းပါးလာတယ်” ဟု ကြာကန်ကျေးရွာမှ ထန်း လုပ်သားကိုဝင်းခိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအများစုတွင် ထန်းတက်လုပ်ငန်းများကိုအတန်အသင့် လုပ်ကိုင် လေ့ရှိပြီး မကွေး၊ နတ်မောက်၊ မြို့သစ် စသော သုံးမြို့နယ်ဆုံရာ ကြာကန်နယ်တစ်ဝိုက်တွင် ကျယ်ပြန့်သော ထန်းတောများနှင့် ထန်းလုပ်သားမြောက်များစွာ နေထိုင်သောကြောင့်  ကိုးရီးယားစီးပွားရေးလုပ်ငန်းရှင်တို့ က လာရောက်လေ့လာခြင်းဖြစ်ကြောင်း ကိုရီးယားအဖွဲ့နှင့်ပါလာသော မြန်မာစကားပြန်က ဆိုသည်။

“အခု ထန်းရေချိုကိုတိုက်ရိုက်ဝယ်မှာလို့သိရတယ်။ ထန်းရေတစ်မြူကိုချက်ရင် ထန်းလျက် ၂၅ကျပ်သားရတယ် ။ လက်ရှိထန်းလျက် ပေါက်စျေးနဲ့ ချင့်ချိန်ပြီး ထန်းရေချိုစျေးကွက်ကို ဒေသတွင်းကထန်းသမားတွေနဲ့ညှိနှိုင်းပြီး ဝယ်မယ်လို့ဆိုတယ်။ အရင်ကလို ထင်းမကုန် မီးမပူပဲ ထန်းရေချိုစျေးကွက်ဖြစ်လာမှာကို ကျေနပ်မိတယ်” ဟု ကိုဝင်းခိုင်က ဆိုသည်။

လက်ရှိအချိန်တွင် ထန်းလျက်တစ်ပိဿလျှင် ပွဲရုံကောက်စျေး ၁၆၀၀ိ/ဝန်းကျင်ရှိပြီး  ထန်းလျက်စျေးကွက် တည်ငြိမ်မှု မရှိခြင်းနှင့် ထန်းလုပ်ငန်းသုံးပစ္စည်းစျေး မြင့်တက်လာခြင်းတို့ကြောင့် ဝင်ငွေနည်းပါးလာပြီး မိသားစု ဝမ်းရေးအတွက် ရေရှည်ရပ်တည်ရ ခက်ခဲလာခြင်းများရှိနေကြောင်း သိရသည်။

“ကိုးရီးယားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေက ကြာကန်ကျေးရွာအနီး သကြားစက်ရုံဆောက်နိင်မယ့် မြေနေရာအနေအထား လေ့လာတယ်။ စက်ရုံဆောက်မယ့်အလာအလားတော့ရှိနေတယ်။ သူတို့လေ့လာပြီး မကွေးတိုင်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့သိရတယ်။ကျွန်တော်ကတော့ ထန်းရေကနေ သကြားထုတ်တာ အောင်မြင်စေချင်ပါတယ်။ ဒါမှ ကျေးလက်ဒေသ ထန်းသမားတွေရဲ့ စီးပွားရေးအဆင်ပြေမှာပါ” ဟု ကြာကန် ကျေးရွာအခြေစိုက် ကျေးလက်မြေအဖွဲ့မှ တာဝန်ခံဦးဇော်မင်းထိုက်က ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly