တနင်္သာရီမြို့တွင်ရေကြီးမှု ထပ်မံဖြစ်ပွားကာ ပြည်သူ လေးထောင်ကျော်ခန့် ရေဘေးကြုံတွေ့နေ

တနင်္သာရီမြို့တွင်ရေကြီးမှု ထပ်မံဖြစ်ပွားကာ ပြည်သူ လေးထောင်ကျော်ခန့် ရေဘေးကြုံတွေ့နေ
ဓာတ်ပုံ - ဦးမျိုးတေဇာထွန်း ဖေ့စဘွတ်ခ်

ရန်ကုန် ၊ စက်တင်ဘာ ၅ ။      တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ကာ ၂၁ ပေ ၃ လက်မအထိ ရောက်ရှိနေပြီး ရေဘေး သင့်ပြည်သူလေးထောင်ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း တနင်္သာရီမြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်သည် ၁ရပေသာဖြစ်ပြီး ယခုအခါ ၂၁ပေ ၃လက်မအထိ ရေမြင့်တက်လာသော ကြောင့် စိုးရိမ်ရေအမှတ်ထက် လေးပေခန့် ကျော်လွန်လာခဲ့ခြင်းလည်း ဖြစ်သည်။

“စာသင်ကျောင်းက ၁၉ ကျောင်း ပိတ်ထားလိုက်ရတယ်။ ရေဘေးကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်ထားတယ်။ ကယ်ဆယ်ရေးစခန်းကိုရောက်တဲ့လူဦးရေက တစ်ထောင်ကျော်လောက်ရှိနေပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက် ထောက်ပ့ံနေပြီး စားနပ်ရိက္ခာလိုအပ်ချက်များလည်း ရှိနေသည်ဟု ဦးရဲမြင့်ဆွေက ပြောသည်။

“တစ်မြို့လုံးမှာ ရေဘေးသင့်ပြည်သူ လေးထောင်ကျော်လောက်ရှိနေပြီး ကယ်ဆယ်ရေးစခန်းကိုတော့ တစ်ထောင်ကျော်လောက် ရောက်နေတယ်။ ပြည်သူတွေက စခန်းကို တတ်နိုင်သလောက် မသွားကြဘူးဗျ။ အိမ်မှာ နေလို့ရသလောက် နေကြတယ်” ဟု ၎င်းက ဆိုသည်။

ယခုတစ်ကြိမ် ရေကြီးနစ်မြှုပ်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းက တနင်္သာရီမြို့တွင် ရေကြီးနစ်မြှပ်မှုဖြစ်ခဲ့ကာ မြို့ပေါ်ရပ်ကွက်အများစုရှိ နေအိမ်များ ရေနစ်မြှုပ်ခဲ့ခြင်းကြောင့် ဒေသခံအများစုမှာ ကယ်ဆယ်ရေးစခန်းများကို သွားရောက်နေထိုင်ခဲ့ရသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုသည် စက်တင်ဘာလ ၅ ရက်နေ့အထိ ဖြစ်ပေါ်နေပြီး တတိယရေကြီးကာလသို့ ရောက်ရှိနေခြင်းကြောင့် သတိထားနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က သတိပေး ပြောဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly